ချီဖွေ- ပန်ဝါဒေသဘက်တွင် လုပ်ကိုင်နေကြသည့် မြေရှားသတ္တုလုပ်ကွက်များအား စစ်ကောင်စီ ရပ်နားခိုင်းထား

ချီဖွေ- ပန်ဝါဒေသဘက်တွင် လုပ်ကိုင်နေကြသည့် မြေရှားသတ္တုလုပ်ကွက်များအား စစ်ကောင်စီ ရပ်နားခိုင်းထား

ကချင်ပြည်နယ်၊ ချီဖွေ- ပန်ဝါဒေသဘက်မှာ လုပ်ကိုင်နေကြတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကို စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ရပ်နားခိုင်းတဲ့အတွက် သတ္တုလုပ်ကွက်တွေ အတော်များများ ရပ်နားလိုက်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကစပြီး သတ္တုလုပ်ကွက် အများပိုင်းရပ်နားလိုက်ကြပြီဖြစ်ပြီး မပိတ်သေးတဲ့ လုပ်ကွက်တွေကတော့ နောက်ထပ်ရက်ပိုင်းလောက်စောင့်ကြည့်ပြီး ပိတ်မယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြောင်း သတ္တုအလုပ်သမားတစ်ဦးက ပြောပါတယ်။

"လောလောဆယ်တော့ ပိုက်ဆံပေးပေး မပေးပေးနားရတယ်တဲ့။ နောက် ၄ ရက်လောက်စောင့်ကြည့်မယ်လို့ တရုတ်သူဌေးတွေပြောတယ်။ အများပိုင်းက ဒီကနေ့ကစပြီး နားနေပြီ။ ဆိုက်နည်းနည်းလောက်ပဲ လုပ်တော့မှာ။"လို့ အထက်ပါအလုပ်သမားက ဆိုပါတယ်။

ရပ်နားလိုက်တဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမဲ့ စစ်ကောင်စီတပ်က ပန်ဝါမြို့လမ်းမကြီး လုပ်ဖို့အတွက်ဆိုပြီး တရုတ်ယွမ်ငွေ သိန်း ၃၀ ကို သတ္တုလုပ်ကွက်တိုင်းကို တောင်းတာ မပေးနိုင်တဲ့အတွက်လို့ ကြားသိရကြောင်း သတ္တုလုပ်ငန်းလုပ်ကိုင်သူ နောက်ထပ်အလုပ်သမားတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ အလုပ်ခေါင်းပြောတာတော့ တရုတ်ယွမ်ငွေ သိန်း ၃၀ ပေးရမယ်။ အဲဒါမပေးနိုင်ရင် ဆိုက်ပိတ်မယ်ပြောတယ်။ တချို့နေရာတွေမှာဆို ပိတ်ပြီထင်တယ်။ ပြန်တဲ့သူကပြန်သွားကြပြီ။"လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလလောက်က ညွှန်ကြားခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီက တောင်းသလောက်မပေးတဲ့ သတ္တုဆိုက်ပိုင်ရှင်တွေကို မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့အတိုင်ခင်ကတည်းက  ရပ်နားခိုင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

မြေရှားသတ္တုလုပ်ကွက်ကို ဘာကြောင့်ပဲပိတ်ပိတ် ဒေသအတွက် ပိုပြီး ကောင်းကျိုးရှိတာ ဖြစ်တဲ့အတွက် အခုလို သတ္တုလုပ်ကွက်တွေ ပိတ်သွားတာ ကောင်းတယ်လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။

"သယံဇာတတွေလည်း မရှိတော့ဘူးပေါ့။ ပြီးတော့ လေကောင်းလေသန့်တို့ဘာတို့လည်း အရင်လိုမရတော့ဘူးပေါ့။ လေကလည်း တိုက်မယ့်အချိန်ကမတိုက်၊ မတိုက်မယ့်အချိန်ကတိုက်၊ နေကလည်း မပူမယ့်ချိန်ပူ၊ မိုးကလည်း အဲဒီလိုပေါ့၊ ရာသီဥတုကလည်း အပြောင်းအလဲရှိလာတယ်ပေါ့။ သတ္တုက မလုပ်ရင်ကောင်းတယ်။"လို့ ဒေသခံက ဆိုပါတယ်။

အရင်က ချီဖွေ- ပန်ဝါဒေသဘက်က ထွက်တဲ့ချောင်းရေတွေနဲ့ ငါးတွေဟာ သန့်ရှင်းပြီး သောက်သုံး၊ စားသုံးလို့ရခဲ့ကြပေမဲ့ သတ္တုလုပ်ကွက်ရှိတဲ့နောက်ပိုင်းမှာ  ချောင်းထဲကို စွန့်ပစ်ရေတွေ စွန့်ကြတဲ့အတွက် ငါးတွေလည်း ရှားပါးကုန်ပြီး ရေတွေလည်း သောက်သုံးလို့မရတဲ့ အခြေအနေကို ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

 တစ်ဖက်မှာလည်း တိုင်းရေးပြည်ရေးအခြေအနေကြောင့် အခြားစီးပွားရေးလုပ်ငန်းတွေ အကျပ်အတည်းဖြစ်နေချိန် ဝင်ငွေကောင်းတဲ့ ဒီသတ္တုလုပ်ငန်းကို သွားရောက်လုပ်ကိုင်နေကြတာဖြစ်လို့ လုပ်ကွက်တွေ ရပ်နားလိုက်ရင် အလုပ်လက်မဲ့ များလာနိုင်တယ်လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။

သတ္တုလုပ်ကွက်မှာ အလုပ်ရတဲ့ အလုပ်သမားတွေဟာ တစ်လကို ယွမ် ၃၅၀၀(တစ်ယွမ်ကို မြန်မာငွေ ၄၀၀ ကျော်ခန့်)  ကနေ ၅၀၀၀ အထိရကြပြီး တရုတ်စကားပြန်နဲ့ ဘက်ဟိုမောင်းသူတွေကတော့ ယွမ် ၅၀၀၀ ကနေ ၆၀၀၀ အထိ ရကြတယ်လို့လည်း သိရပါတယ်။

ဒေသခံတွေကန့်ကွက်နေ့တဲ့ ကြားကပဲ လွန်ခဲ့တဲ့ ၁၀ စုနှစ်နီးပါးလောက်  ဒေသအုပ်ချုပ်သူတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး သတ္တုလုပ်ကွက်တွေကို မရပ်နားဘဲ လုပ်ကိုင်လာခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပန်ဝါဒေသဟာ ကချင်အထူးဒေသ (၁)၊ နယ်ခြားစောင့်တပ် NDAK ခေါင်းဆောင် ဦးဇဇုန်တိန့်ယိန်းအုပ်ချုပ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး အဲဒီဒေသမှာ မြေရှားသတ္တုတူးဖော်နေကြတာ ၁၀ စုနှစ်တစ်စုကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...