ရှမ်းတောင်ကို တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့ တောင်းဆို

ရှမ်းတောင်ကို တိမ်းရှောင်လာတဲ့ ကရင်နီစစ်ရှောင်တွေကို လက်ခံပေးဖို့ တောင်းဆို

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ ပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကို တိမ်းရှောင်သွားတဲ့ ကရင်နီစစ်ရှောင်တွေကို လက်မခံတဲ့ နေရာတွေ ရှိနေတာကြောင့် လက်ခံပေးကြဖို့ လွိုင်ကော်မြို့က တိမ်းရှောင်သွားသူတွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ၂/ (ကယားပြည်နယ်သား) ကိုင်ဆောင်သူတွေကို လက်မခံကြောင်း ကြားသိရတာကြောင့် လက်ခံပေးစေချင်တယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

“၂/တွေ ဆို လက်မခံဘူးတဲ့ဗျာ။ ကျနော်တို့ အလကားနေတာ မဟုတ်ဘူးနော်။ သူတို့တောင်းတဲ့ စျေးပေးပြီးနေမှာ မိသားစုမှာ ကလေးတွေ သက်ကြီးတွေ ပါတယ်ဆိုတာတောင်မရဘူး။ ဒါကြောင့် တောင်းဆိုချင်ပါတယ် စစ်ပြေးလာတဲ့ သူတွေကို လက်ခံပေးဖို့ပါ။ ဒီချိန် အားလုံးက စိတ်ဒဏ်ရာတွေ ရထားသလို အားကိုးတကြီးနဲ့ တခြားပြည်နယ်ကို စစ်ရှောင်လာကြတာပါ ” လို့ လွိုင်ကော်မှ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို သွားရောက်တိမ်းရှောင်ဖို့ သွားရောက်ခဲ့သူတစ်ဦး က ပြောပါတယ်။

ဒီကနေ့ နို၀င်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းအထိ လွိုင်ကော်မြို့ကို စွန့်ခွာတိမ်းရှောင်တဲ့သူ များပြားနေပြီး ရှမ်းပြည်နယ်ကို တိမ်းရှောင်မယ့် လူထုတွေကို လက်ခံပေးဖို့ ကရင်နီလူထုတွေက တောင်းဆိုနေကြပါတယ်။

တောင်ကြီးမြို့တွင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်မခံဖို့ မှာကြားထားတာရှိပေမဲ့ လက်ခံပေးသူတချို့လည်း ရှိနေတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်ဆို လက်မခံချင်ဘူး အလည်လာတဲ့ပုံ သင်တန်းလာတတ်တဲ့ ပုံ အဲ့လို ပြောလိုက်တော့ရသွားတယ်။ NON CDM တွေဆိုလည်း ပြောလို့ရတယ်”လို့ တောင်ကြီးမြို့ခံ တစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်မှုကြောင့် နေရပ်စွန့်ခွာတဲ့ လွိုင်ကော်ပြည်သူ သောင်းချီရှိနေပါတယ်။ စစ်ကောင်စီက နေ့စဉ်နဲ့အမျှ လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုများပြားပြီး ၊ အသက်အန္တရယ်ကိုစိုးရိမ်ကြရတာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းကို တိမ်းရှောင်သူများပြားနေတယ်လို့ သိရပါတယ်။

” ဒီမနက် လွိုင်ကော်ကနေ ထွက်လာတဲ့သူများတယ်။ မြို့လယ်မီးပွိုင့်တလျှောက်ပဲ ကားတွေလည်းတန်းစီလို့ ပြည့်ကြပ်နေတာပဲ။ အိမ်မွေးခွေးတွေ‌ဆိုလဲ သူတို့သခင် သူတို့ကိုမခေါ်သွားနိုင်တော့ဘဲ ချန်ထားတာရှိတယ် လမ်းပေါ်မှာ အနောက်ကနေ လိုက်ပြေးတာ တွေ့ရတော့လည်း စိတ်မကောင်းဘူး ၀မ်းနည်းနေရတယ်။ ဒီလိုမြင်ကွင်းကိုမြင်တွေ့ရတာ။ ဆက်သွယ်ရေး လိုင်းလည်းမကောင်းတော့ဘူး။”လို့ လွိုင်ကော် ဒေသခံတစ်ဦးက ဒီကနေ့လွိုင်ကော်မြို့တွင်း အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

လက်ရှိမှာလည်း တောင်ကြီးမြို့က လက်မခံသလို ရှမ်းပြည်ထဲက နီးစပ်ရာ ရွာတချို့ကလည်း လက်မခံပေးဘူးလို့ လွိုင်ကော်ကနေ စစ်ရှောင်လာသူ တစ်ဦးကပြောပါတယ်။

“ရွာထဲကိုပေးမဝင်တာ ၊ ဘယ်လိုတောင်းပန်ပန်လည်း မရပါဘူးရှင် ခွင့်ပြုလို့မရလို့ပဲပြောတယ်။” လို့ သူက ပြောပါတယ်။

ညောင်ရွှေမြို့နဲ့ အောင်ပန်းမြို့က ပရဟိတအဖွဲ့တချို့ကတော့ စစ်ဘေးရှောင်တွေကို လက်ခံကူညီပေးနေတာရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ လူထုတွေအတွက် လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးဖို့လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...
October 16, 2024
လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး...