စောနယ်ဒါးဘိုမြ ဦးဆောင်ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ကြေညာ

စောနယ်ဒါးဘိုမြ ဦးဆောင်ပြီး ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ကြေညာ

ကော်သူးလေအာမီ(KTLA) စစ်ဦးစီးချုပ်ဖြစ်သူ စောနယ်ဒါးဘိုမြ ဦးဆောင်ပြီး ဝန်ကြီးဌာန ၁၄ခု ပါဝင်သည့် ကော်သူး လေအစိုးရ (Government of Kawthoolei –GOK)အဖွဲ့ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကော်သူးလေ ပြည်နယ်အတွင်းရှိ နိုင်ငံသားများအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူ များ၏ တိုက်တွန်းမှုအရ သမာဓိရှိ ကရင်ခေါင်းဆောင်များက ကော်သူးလေအစိုးရကို တရားဝင် ဖွဲ့စည်းထားခြင်းဖြစ် သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖွဲ့စည်းလိုက်သော ကော်သူးလေအစိုးရတွင် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြက ပြည်နယ်ဥသျှောင် သမ္မတ အဖြစ် တာဝန်ယူပြီး ဒုသမ္မတများအဖြစ် စောဘာဝါးနှင့် စောဆာဂေဖိုးတို့ အပါအဝင် ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ ပြည် ထဲရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ သစ်တောနှင့်စိုက်ပျိုးရေး၊ လယ်ယာနှင့် ရေလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ တရားရေး၊ ဘဏ္ဍာရေး၊ သတ္တုတွင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်ခြားရေးရာ၊ ကျန်းမာရေး၊ သာသနာရေး၊ အဖွဲ့အ စည်းအရေးနှင့် မဟာမိတ်ရေးရာ စသည့်ဌာနဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင် ၁၈ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စောနယ်ဒါးဘိုမြထံ ကေအိုင်စီက နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာ နိုင်ငံ ရေးအရ တခြားတိုင်းရင်းသားများနှင့် နိုင်ငံတကာကို ချိတ်ဆက်ဆက်သွယ်နိုင်ရန် ကော်သူးလေအစိုးရကို ဌာနအလိုက် ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း ယခုလို ပြန်လည်ပြောဆိုသည်။

၎င်းက “ကော်သူးလေ တပ်မတော်မကပဲ ကော်သူးလေအစိုးရကို တည်ထောင်လိုက်တာဖြစ်တယ်။ ဖွဲ့စည်းလိုက်တဲ့ ဌာနတချို့က ကျနော်တို့မလုပ်တတ်ပေမယ့်လည်း တခြားတိုင်းရင်းသားတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်လို့ ရတယ်။ ကေအဲန်ယူက ကျနော်တို့ကို အသိအမှတ်မပြု ဘေးဖယ်ထားပေမယ့်လည်း လူထုတွေက ကျနော်တို့ကို အားပေး ထောက်ခံရင် ကျနော်တို့ဆက်သွားရမှာပဲ။ မလုပ်ရင် ရှေ့ဆက်သွားဖို့ ခက်မယ်။ အများက ကျနော်တို့ကို ဘာနိုင်ငံရေး ရည်မှန်းချက်မှမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ မြင်တယ်။”ဟု ပြောသည်။

ထို့အပြင် ကော်သူးလေအစိုးရ တည်ထောင်ခြင်းသည် ခွဲထွက်ခြင်းမဟုတ်သလို ဖက်ဒရယ်နိုင်ငံတည်ထောင်ခြင်းကို လည်း ဆန့်ကျင်သွားမည်မဟုတ်ကြောင်းလည်း စောနယ်ဒါးမြဘိုမြက ဖြည့်စွက်ပြောဆိုသည်။

 “ဒီအဖွဲ့အစည်းဟာ လူထုကို ဆန့်ကျင်မှာမဟုတ်ဘူး၊ ရန်သူကိုပဲတိုက်မှာဖြစ်တယ်။ ဒါက ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်တယ်။ ကျနော်တို့ ဒီလိုမလုပ်ရင် အစည်းအဝေးပွဲကြီးတွေဆိုရင် ဘယ်သူမှ ကျနော်တို့ကို ခေါ်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ကျနော်တို့ကို သူများ ဘေးပဲဖယ်ထားမယ်။ ကျနော်တို့ အမြဲပြောတယ်။ စည်းလုံးဖို့ အတွက်က လူထုတွေ့ဆုံဆွေးနွေးပွဲ လုပ်ရမယ်။ ကေအဲန်ယူ ဦးဆောင်ပြီးခေါ်တဲ့ ဆွေးနွေးပွဲ မဟုတ်စေရဘူး။”ဟု စောနယ်ဒါးမြဘိုမြက ပြောသည်။

၎င်းအပြင် ကေအဲန်ယူက လက်မှတ်ရေးထိုးလိုက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည်လည်း NGO တစ်ချို့ ဆွဲဆောင်မှုနှင့် စစ်အစိုးရတပ် လိုလားသည့် တစ်ဝက်တစ်ပျက် စာချုပ်သာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မဟုတ်ပေဟု ကြေညာချက်တွင် ဆိုထားသည်။

ထို့ကြောင့် ဝါရင့်တော်လှန်ရေးခေါင်းဆောင်တချို့က အများပြည်သူ အကျိုးစီးပွားရရှိရန်နှင့် နိုင်ငံရေးဦးဆောင်လမ်း ညွှန်မှုပေးရန်အတွက် လွတ်မြောက်နယ်မြေတွင် အခြေစိုက်သည့် အစိုးရတစ်ရပ်ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပြောဆိုထားသည်။

ကော်သူးလေအစိုးရ ဖွဲ့စည်းခြင်းအပေါ် အမည်မဖော်လိုသူ နိုင်ငံခြားရောက် ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ် ဦးက “ကရင်တွေရဲ့ အစွန်းရောက်စိတ်က ကြောက်ဖို့ ကောင်းပါတယ်။ လက်ရှိအခြေအနေအရ ဒါက မလုပ်သင့်တဲ့အ ရာ ဖြစ်ပါတယ်။ လက်တွေ့ကျကျ သုံးသပ်ရရင် အနှစ်သာရ ဘာမှရှိမှာ မဟုတ်ပါဘူး။ ထိန်းချုပ်နယ်မြေ၊ နိုင်ငံရေးကို ဦးဆောင်မှုတွေလည်း ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။”ဟု သုံးသပ်ပြောဆိုသည်။

နိုင်ငံရေးရည်မှန်းချက် မတူညီသည့်အတွက် ကော်သူးလေအာမီ-KTLA နှင့် ပူးပေါင်းလုပ်ဆောင်၍မရကြောင်း ပြီးခဲ့ သည့် နိုဝင်ဘာလ (၆)ရက်နေ့တွင် ကေအဲန်ယူက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် KTLA ဘက်ကလည်း ၎င်းတို့ သည် ကေအဲန်ယူကို ဆန့်ကျင်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်ချက် ပြန် လည်ထုတ်ပြန်ခဲ့ပြီး တစ်ပတ်ကျော်အကြာတွင် ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ယခုလို ထပ်မံ ကြေညာခြင်း ဖြစ်သည်။

ကရင့်တော်လှန်ရေး ပြင်းထန်ခဲ့သည့်ကာလ ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်‌နေ့တွင် ‌အမျိုးသားခေါင်းဆောင် စောဘဦး ကြီး ဦးဆောင်ကာ တောင်ငူမြို့၌ အစည်းအ‌ဝေးကြီးတစ်ရပ်‌ခေါ်ယူကျင်းပပြီး အစိုးရအဖွဲ့ဝင် ၈ဦးဖြင့် ကော်သူး‌လေ အစိုးရအဖွဲ့ကို ‌ပထမအကြိမ် ဖွဲ့စည်းခဲ့‌သည်။

ယင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် စောဘဦးကြီး တာဝန်ယူခဲ့ပြီး ဦးလှ‌ဖေ (နိုင်ငံခြား‌ရေး)၊ စောဖိုး‌မောင် (ပြည်ထဲ‌ ရေး)၊ စော‌ရွှေ‌လေး(ကာကွယ်‌ရေး)၊ စောတူရဦး(ဘဏ္ဍာ‌ရေး)၊ စောဘထွန်း(ပညာ‌ရေး)၊ စောဂျွန်ဆင်ဒီဖိုးမင်း (လမ်းပမ်း နှင့်သယ်ယူပို့‌ဆောင်‌ရေး)နှင့် မန်းစိန်တင်(သစ်‌တောနှင့် လယ်ယာ)အဖြစ် တာဝန်ယူထားကြောင်း ကရင့်တော်လှန်‌ရေး ‌နေ့ကြီးရက်ကြီး သမိုင်းအကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...