ထီးချိုင့်မှာ ၅ ရက်အတွင်း မွေးကင်းစ ကလေးအပါအဝင် အရပ်သား ၁၀၀ ကျော်သေဆုံး

ထီးချိုင့်မှာ ၅ ရက်အတွင်း မွေးကင်းစ ကလေးအပါအဝင် အရပ်သား ၁၀၀ ကျော်သေဆုံး

စစ်ကိုင်း- ကချင်အစပ်မှာရှိတဲ့ ထီးချိုင့်မြို့နယ်မှာ စစ်တပ်နဲ့ KIA,PDF ကြားတိုက်ပွဲအတွင်း စစ်တပ်ဘက်က အထိနာလာတဲ့အတွက် နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး လေကြောင်းပစ်ခတ်ခဲ့ရာ ၅ ရက်အတွင်း မွေးကင်းစကလေးသူငယ်၊ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ညမှာ ထုတ်ပြန်လာပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကနေ စခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ KIA,PDF ပူးပေါင်း တပ်‌တွေကိုကုန်းကြောင်းက မယှဉ်နိုင်တော့တဲ့ စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၈ရက်နေ့ကစပြီး တစ်ရက်ကို ပျှမ်းမျှ ၈ကြိမ်အထက်နဲ့ စုစုပေါင်း အကြိမ် ၄၀ လောက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။

‌စစ်တပ်ဟာ လေကြောင်းနဲ့တိုက်ခိုက်ရာမှာ Thermobaric bombများ၊ ပေါက်ကွဲအားပြင်းသော ရုရှားလုပ် KAB-500 Bombs များနဲ့ YAK-130 အမျိုးအစား fighter crafts များ အပြင် တစ်ခြားသော Mi-35P attack helicopters များအသုံးပြုပြီး မြို့တွင်းကို နိုဝင်ဘာ ၈ရက်နေ့က စပြီး နိုဝင်ဘာလ ၁၃ ရက် ဒီညနေအချိန်ထိ ဆက်တိုက် ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံး‌တွေလည်း တွေ့ရှိထားတဲ့အပြင် အရပ်သားပြည်သူဦးရေ သုံးသောင်းကျော် စစ်ရှောင်ဘဝသို့ရောက်ရှိသွားကြပြီး လေယာဉ်ဗုံးစများကြောင့် အိမ်တွင်းပုန်းအောင်းနေကြတဲ့ ပြည်သူအများစုမှာ အမည်ဖော်မရအောင် ဆိုးဝါးစွာ သေဆုံးခဲ့ရသလို လမ်းမများပေါ်မှာလည်း လူသေအလောင်းများ ပျံ့ကြဲနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သရက်မှော်၊ နော်အောင်ဗန္ဓုလ၊ လက္ခုပ်ပင်၊ စံပြ၊ မြို့မစျေး၊ တရုတ်တန်း၊ နဝဒေး၊ ဝိသာခါ၊ အရှေ့ရပ်၊ သိုက်ကုန်း၊ဥယျာဉ်ကုန်း၊ ကမ်နား နှင့် ကြက်သွန်ခင်းမှာ လုံးဝ ပျက်စီးသွားပြီး အမှတ် ၄၊ စျေးကုန်းနှင့် ကျန်ရှိနေသော မြို့ပေါ် အိမ်များအား စစ်ကောင်စီမှ Vacuum bombs များသုံးကား မီးရှို့ဖျက်စီးလျက်ရှိနေတယ်လို့ ဆိုပါတယ်။