ရခိုင်ပြည်နယ်နှင့် ပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် ဂွ- ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကိုလည်း နိုဝင်ဘာ ၁၃ နံနက်မှ စတင်ပြီး သွားလာခွင့်ကို ပိတ်ထားလိုက်ပြီဟုသတင်းရရှိသည်။
ဂွမြို့နယ်နှင့် ငသိုင်းချောင်းလမ်းပေါ်ရှိ ဒေါင့်ချောင်းဂိတ်အား ယနေ့နိုဝင်ဘာ ၁၃ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက စတင်ပိတ်လိုက်ပြီဖြစ်သည်ဟု ဂွမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာကိုပြောသည်။
" ဂွမြို့နဲ့ ခုနှစ်မိုင်အကွာမှာ ဒေါင့်ချောင်း ဂိတ်လုပ်ထားတယ်။ ရိုးပေါ်က အဲဒီဂိတ်ကိုဖြတ်တဲ့ လမ်းကိုပိတ်လိုက်တာ။ အဲဒီဂိတ်က ရန်ကုန်ကို ဂွမြို့ကသွားရင် အဓိကဖြတ်တဲ့ဂိတ် " ဟုပြောသည်။
အဆိုပါဂွ-ငါးသိုင်းချောင်းလမ်းကို ပိတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုကဲ့သို့ တစ်ခါမှ မပိတ်ဖူးသည့်အတွက် မြို့နေပြည်သူများမှာ စိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။
၎င်းက " ဒါကပထမဆုံးအကြိမ်ဘဲ။ ဂိတ်ပိတ်လိုက်တော့ အားလုံး အဝင်အထွက် ဒုက္ခရောက်တာပေါ့။ အခု အပြင်ကို ရောက်နေတဲ့ မြို့ကလူတွေ ပြန်လာဖို့တောင်မရကြဘူး" ဟုပြောသည်။
အလားတူပင် တောင်ကုတ်- ပြည် ရိုးကျော်ကားလမ်းကိုလည်း ပိတ်ဆို့လိုက်ခြင်းကြောင့် ခရီးသည်များ တစ်ဖက် တစ်ချက်တွင် သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။
“ စစ်ကောင်စီက ပြည်မနဲ့ ဆက်သွယ်တဲ့ ကားလမ်းတွေကို ပိတ်လိုက်တဲ့အတွက် ခရီးသွားတွေ ပိတ်မိကုန်ပြီ။ ဒီဘက် ရခိုင်က မြို့နယ်တွေမှာလည်း ကုန်ဈေးနူန်းတွေ အဆမတန် မြင့်တက် လာနိုင်တယ်။ တောင်ကုန် မြို့ပေါ်မှာလဲ ကုန်ဈေးနူန်းတွေအခုကတည်းက တတ်ချင်နေပြီ။ မရောင်းတဲ့ဆိုင်မရောင်းတော့ဘူး" ဟုပြောသည်။
အမ်းနှင့် မင်းဘူးကြားဆက်သွယ်ထားသည့် ကားလမ်းကိုလည်း ယနေ့ နံနက်က စပြီး စစ်ကောင်စီက အသွားအလာခွင့်မပြုဘဲ ပိတ်ထားသည်ဟု သိရသည်။
အဆိုပါ ကားလမ်းများမှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အလှမ်းဝေးကွာပြီး မည်သည့်အတွက်ကြောင့် ပိတ်ထားသည်ကို မသိရှိရဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းပြည်မနှင့် ရခိုင်အကြား ဆက်သွယ်ထားသည့် ကားလမ်းများကို သာမက အမ်းမြို့နှင့် စစ်တွေအကြားရှိ ပြည်ထောင်စု ကားလမ်းကိုလည်း ပိတ်ထားပြီး အနည်းဆုံး ဂိတ်ပေါင်း ၈ ဂိတ်၏ သွားလာခွင့် ပိတ်ထားလိုက်သည်ဟု သိရသည်။
၎င်းပြင် စစ်တွေမှာ ရသေ့တောင်သို့သွားသည့် ကားလမ်းအပြင် ရေချမ်းပြင်၊ ပါဒလိတ် ရေလမ်းကိုလည်း ပိတ်ဆို့ထားလိုက်ပြီဟု ဒေသခံများကပြောသည်။
ယခု ပြန်ဖြစ်လာသည့် တိုက်ပွဲသည် ယခင် တိုက်ပွဲများထက် ပိုမိုပြင်းထန် လာနိုင်သဖြင့် ရခိုင်လူထု အနေဖြင့် အထူးသတိထား နေထိုင်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။