မိုးကောင်းမြို့နယ်တွင် ကျွဲ၊ နွား လည်ချောင်းကွဲ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားနေပြီး အကောင် ၁၀၀ ထက်မနည်း သေဆုံး

မိုးကောင်းမြို့နယ်တွင် ကျွဲ၊ နွား လည်ချောင်းကွဲ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားနေပြီး အကောင် ၁၀၀ ထက်မနည်း သေဆုံး

ကချင်ပြည်နယ်၊ မိုကောင်းမြိုနယ်အတွင်းက ရွာ‌အချို့မှာ ကျွဲ၊ နွား လည်ချောင်းကွဲ ကူးစက်ရောဂါတစ်မျိုး ပြန့်ပွားနေပြီး လက်ရှိအချိန်အထိ သေဆုံးသွားတဲ့ ကျွဲ၊ နွားတွေ အကောင် ၁၀၀ အထက် ရှိနေပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကနေ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးကျေးရွာဘက် စတင်ဖြစ်ပွားခဲ့ပြီး ကျွဲ၊ နွား ၁၀ ကောင်လောက် သေဆုံးမှု ရှိခဲ့တယ်လို့ ကြားသိရတဲ့နောက်ပိုင်း မိုးကောင်းမြို့နယ်ထဲက ပန်းတင်၊ နောင်းဇွပ်၊ မယ်ဇလီ၊ လပ်ကုန်း အစရှိတဲ့ ရွာတွေမှာလည်း အခုလိုကူးစက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိအချိန် မိုးကောင်းမြို့နယ်အတွင်းက ကျွဲနွားအချို့ဟာ အထက်ပါ လည်ချောင်းကွဲ အနာကူးစက်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ပြီးတော့ သေဆုံးနေတာဖြစ်တယ်လို့ အထက်ပါ ဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

"တစ်ကောင်ဖြစ်တာကနေ တစ်ကောင်ပြီး တစ်ကောင် ကူးလာတာ။ ကျွဲတွေ သေတာပိုများတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ပြီး အသက်ရှူကြပ်ပြီး သေသွားတာ"လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါရွာတွေက ကျွဲနွားတွေကို နောင်းဇွပ်ပါ လယ်ပြင်လို နေရာမျိုးမှာ စုဖွဲ့ထိန်းကျောင်းတဲ့အတွက် ကူးစက်မှု ပိုမြန်ဆန်တာ ဖြစ်တယ်လို့ သိရတဲ့အပြင် လက်ရှိအချိန် သေဆုံးသွားတဲ့ ကျွဲ၊ နွားအကောင်ရေဟာ ၁၀၀ အထက်ရှိနေပြီလို့လည်း သိရပါတယ်။

သက်ဆိုင်ရာ ဌာနကနေလည်း နီးစပ်ရာရွာတွေက ကျွဲ၊ နွားတွေကို ကြိုတင်ကာကွယ်ဆေး လိုက်လံထိုးနှံပေးနေတယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

"ခုလည်း ကူးစက်နေတုန်းပဲ။ ကာကွယ်ဆေးက ကြိုတင်ထိုးထားရတယ်။ ထိုးထားရင်လည်း တစ်ပတ်အတွင်း ကူးစက်နိုင်သေးတယ်။ ဖြစ်ပြီဆိုရင် သပ်သပ်ခွဲထားပြီး ကုသဆေးထိုးတယ်။ကျန်တဲ့ ကျွဲ၊ နွား တွေကိုလည်း ကုသဆေးထိုးရတယ်။ နောက် သုံးရက်လောက်ဆိုရင် ကာကွယ်ဆေးပြန်ထိုးရင် ပြန်ကောင်းလာတယ်"လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ကျွဲ၊ နွားတွေမှာသာမက လက်ရှိအချိန် မွေးမြူထားတဲ့ ဝက်တွေမှာပါ ကူးစက်မှု တွေ့နေရတယ်လို့ ဆိုပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ လက်ရှိအချိန်အထိ လူတွေဆီ ကူးစက်မှု မရှိသေးပေမဲ့ မကူးစက်လာနိုင်ဘူးလို့လည်း ပြောဆိုဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်အတွင်း လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းကလည်း အခုလို ကျွဲ၊ နွား‌ကူးစက်ရောဂါဖြစ်ပွားမှု ဖြစ်စဉ်ရှိခဲ့ပြီး သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

ကျွဲ၊ နွားတွေကို အချိန်မီကယ်တင်နိုင်ဖို့ ကာကွယ်ဆေး‌ ထိုးနှံပေးရမှာဖြစ်ပြီး ကာကွယ်ဆေးမထိုးဘဲ မူလအတိုင်း ဆက်လက်ထိန်းကျောင်းနေမယ်ဆိုရင် သေဆုံးမှုတွေ ဆက်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...