ရသေ့တောင်မြို့နယ်မှ ၁၁ တန်းကျောင်းသူမှာ ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ခံရ၍ ကြိုးဆွဲချကာ အဆုံးစီရင်သွားခြင်းဟုဆို

ရသေ့တောင်မြို့နယ်မှ ၁၁ တန်းကျောင်းသူမှာ ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ခံရ၍ ကြိုးဆွဲချကာ အဆုံးစီရင်သွားခြင်းဟုဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ကြိုးဆွဲကျသေဆုံးခဲ့သည့် ၁၁ တန်း ကျောင်းသူမှာ ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ခံရ၍ မိမိကိုယ်ကို အဆုံး စီရင်သွားခြင်း ဖြစ်သည်ဟု သိရသည်။

မိမိကိုယ်ကို အဆုံးစီရင်သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဆားပြင်ကြီးရွာမှ ညောင်ပင်လယ် အထက်တန်းကျောင်းခွဲတွင် ပညာသင်ယူနေသည့် အသက် ၁၇ နှစ်အရွယ် ၁၁ တန်းကျောင်းသူ မဆန်းဆန်းဌေးဖြစ်ကြောင်း သိရသည်။

သူမ၏ Facebook လူမှုကွန်ရက်ပေါ်မှ သူမ၏ပုံများကို အမည်မသိ အမျိုးသားတစ်ဦးက ဥာဏ်ရည်တုနည်းပညာ (AI)ဖြင့်ပြုလုပ်ကာ Facebook စာမျက်နှာတွင်ဖြန့်မည်ဟု Facebook မှတဆင့် ခြိမ်းခြောက်ခဲ့သည့်အတွက် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်သည်ဟု သေဆုံးသူထားခဲ့သည့် စာတစ်စောင်တွင် ရေးသားထားသည်။

သူမ၏အိမ်နီးချင်းအမျိုးသမီးတစ်ဦးက "သူသေတဲ့အနားမှာပဲ စာတစ်စောင် ရေးပြီးထားခဲ့တာ။ အဲဒီစာကြောင့် သေဆုံးရတာလို့ ကျမတို့ထင်တယ်။ ပြီးတော့ သူ့ရဲ့ fb account ကိုလည်း ဖျက်ထားခဲ့တယ်။ သူ့ပုံကိုဖြန့်ပြီး ခြိမ်းခြောက်တယ် ထင်တယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

သူမ၏ချန်ခဲ့သည်စာတွင် "fb က လူတစ်ယောက် ပေါက်ကရတွေပြောပြီး ကျမပုံတွေကိုယူပြီး ကျမသူငယ်ချင်းတွေဆီမှာ အရှက်ခွဲမယ်လို့ပြောတယ်။ ဗွီဒီယိုကောလ်တွေ‌လည်း ခေါ်တယ်။ ကျမအရှက်ကွဲမယ်ကြောက်လို့ ကျမဟာ ကျမ သတ်သေတာ။အိမ်နဲ့လည်းပြဿနာမဖြစ်ပါဘူး။ ကျမအကြောင်းနဲ့ ကျမ သတ်သေတာပါ။ တောင်းပန်ပါတယ် မေမေနဲ့ဖေဖေ။ လောကအလယ်မှာ မေမေနဲ့ဖေဖေကို နှစ်ယောက်တည်းထားခဲ့တဲ့အတွက်။ ကျမအရှက်ကို ကျမ အသက်နဲ့ရင်းပြီး ဖုံးသွားတာပါ"ဟုရေးထားသည်။

သူမသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၂ နာရီခန့်က ဆားပြင်ကြီးရွာရှိ သူမ၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလိုသေဆုံးမှုနှင့်ပက်သက်၍ ဆားပြင်ကြီးရွာမှတာဝန်ရှိသူတစ်ဦးက "အသက်မပြည့်ခင် ခုလိုသေဆုံးသွားတဲ့အတွက် စိတ်မကောင်းဘူး။ သူက ယောက်ျားလေးလိုနေတာ။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ကျောင်းနေတဲ့အရွယ်မှာ ဖုန်းတွေဘာတွေမပေးသင့်ပါဘူး။ ဒီလို အင်တာနက်ပေါ်က ခြိမ်းခြောက်တဲ့လူက ယုတ်မာတာ" ဟုပြောသည်။

သူမတွင် အစ်ကို ငါးဦးရှိပြီး ငယ်စဥ်ကတည်းက ယောကျ်ားလေးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်တတ်ကာ ဘောလုံးဝါသနာပါသူဟု သိရသည်။

သူမအလောင်းကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ဆားပြင်ကြီးရွာသုဿန်၌ မီးသင်္ဂြိုဟ်လိုက်ပြီဟု သိရသည်။

ဓာတ်ပုံ - ပေးပို့

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...