စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ  တစ်ဦး သေဆုံးပြီး တစ်ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၄ ရက်က  မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ကြောင်း CDF မင်းတပ်က နိုဝင်ဘာလ ၂ ရက်တွင်  ထုတ်ပြန်လာခြင်းဖြစ်သည်။

သေဆုံးသွားသော အရပ်သားသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကျောင်းများမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြို့အနီး သွားချိန်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

CDF - မင်းတပ်ထံ ထပ်မံအတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

“ခုရက်ပိုင်းအရပ်သားတွေကို အကြောင်းမဲ့ဖမ်းတာတွေ၊ လူသားဒိုင်းအဖြစ် ရှေ့ကသွားခိုင်းပြီး လုပ်တာတွေက ပြည်သူကို အလေး ထားရင် (စကစ) တကယ်ကိုမလုပ်သင့်တာပါ။ ပြည်သူတွေအနေနဲ့လည်း အသွားအလာအပြောအဆို ဆင်ခြင်စေချင် ပါတယ်” ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

အောက်တိုဘာလ ၁၅ ရက်က မင်းတပ်မြို့၊ ၄ မိုင်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အသက် ၂၉ နှစ်ရွယ် အမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့တွင်းက အရှေ့ပြင်မှာလည်း အောက်တိုဘာလ ၂၅ ရက်ညက စစ်ကောင်စီနှင့် CDF မင်းတပ်တို့ ထိတွေ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု CDF မင်းတပ်က ထုတ်ပြန်သည်။

မင်းတပ်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းသည် အောက်တိုဘာလအတွင်း တိုက်နယ် ၂၊၃၊၄ ဘက်ကကျေးရွာများ၊ ၆ မိုင်နှင့် မင်းတပ်- မတူပီ လမ်းပေါ်များဆီသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၂၃ ကြိမ် ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် ၆ လုံး၊ ဆိုင်ကယ် (၂) စီး ထိခိုက်ပျက်စီးခဲ့သည်၊ အိမ်မွေးတိရစ္ဆာန် (၅) ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

“ရပ်ရွာတွေမှာ အစည်းဝေးလုပ်ပြီဆို ပစ်တယ်၊၊ ကာကွယ်ရေးအဖွဲ့တွေ အသွားအလာများတဲ့ နေရာဖက်တွေ ရမ်းသမ်းပစ်တယ်။ စကစ က သတင်းတစ်ခုခုကြားရင် အမြဲပစ်တတ်သောကြောင့် စကားပြောဆိုတာ ဆင်ချင်ကြဖို့၊ ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေ မသိအောင်သွားလာကြဖို့၊ အဲ့တာဆိုသူတို့ရဲ့သတင်းပေးတွေမသိရင် အပစ်ခံရဖို့ မရှိပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီသည် ချင်းအမျိုးသမီး ၃၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦးကို သတ်ဖြတ်ကျူးလွန်ခဲ့ပြီး ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာသည်ကို စောင့်ကြည့် လေ့လာမှုများအရ တွေ့ရှိရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA က အောက်တိုဘာလထဲ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...
October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...