စိတ်ဒဏ်ရာတွေကို ပန်းတွေနဲ့ကုသပေးတဲ့ အမျိုးသမီးလေး “ပန်”

စိတ်ဒဏ်ရာတွေကို ပန်းတွေနဲ့ကုသပေးတဲ့ အမျိုးသမီးလေး “ပန်”

ပဋိပက္ခဒေသမှာ စစ်ရေးစစ်ရာနှင့် စားနပ်ရိက္ခာကိုသာ အလေးပေးဆောင်ရွက်နေရတဲ့အတွက် စစ်ဒဏ်ကြောင့် ဖြစ်တဲ့ လူထုတွေရဲ့ စိတ်ဒဏ်ရာကို အာရုံသိပ်မစိုက်နိုင်ကြပါဘူး။

“ပန်” လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကတော့ ဒီလိုအာရုံစိုက်မှုနည်းတဲ့  စစ်ရှောင် တွေရဲ့ စိတ်ဒဏ်ရာတွေကို သက်သာရာရဖို့ ပန်းကိုအသုံးပြုပြီး တဖက်တလမ်းကနေ ရုန်းထွက်နိုင်ဖို့ ကူညီပေး နေသူပါ။

“သူတို့ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ၊ အကြောင်းအရာတွေကို သူတို့ ကိုယ်တိုင်သိနားလည် ပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်းတွေ၊ ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့အထိတော့ မျှော်လင့်တယ်” လို့ ပန် က ဆိုပါတယ်။

၂၀၂၃ နှစ်စပိုင်းတုန်းကစပြီး စစ်ရှောင်စခန်းတွေကို Youth Empowerment (လူငယ့်စွမ်းဆောင်ရည်) ဆိုတဲ့အဖွဲ့နဲ့ စိတ်ပိုင်းဆိုင်ရာ အသိပညာမျှဝေတာတွေကို တစိုက်မတ်မတ်လုပ်လာတာ ဖြစ်ပါတယ်။

ပန်နဲ့ သူတို့အဖွဲ့သားတွေဟာ ကရင်နီဒေသမျိုးစုံက အသက် ၁၃ကနေ ၂၀ ကြား ဆယ်ကျော်သက်လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ပြုလုပ်နေပါတယ်။

“အဓိကအားဖြင့် ကျမတို့က Youth Empowerment (လူငယ့်စွမ်းဆောင်ရည်) လို့တော့ ခေါင်းစဥ်တပ်လို့တော့ ရနိုင်တယ်ပေါ့နော်။ အဲဒီဘက်တွေကို ပိုပြီးတော့ လုပ်ဖြစ်တယ်။ အဓိကအားဖြင့်ဆိုရင် diversity education (မတူကွဲပြားသူများ သာတူညီမျှပါဝင်တဲ့ ပညာရေး) တွေပါတယ်။ Sex education (လိင်မှုကိစ္စကျင့်ဝတ်ဆိုင်ရာ ပညာရေး)၊ Mental health (စိတ်ကျန်းမာရေး) နဲ့ social support (ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု)ပိုင်းတွေ ပါတယ်” လို့ ပန်က ပြောပါတယ်။

Youth Empowerment ဟာ ၂၀၂၁ စက်တင်ဘာလကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ်မှာ တော့ စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပိုမိုဆောင်ရွက်လာတာပါ။

စစ်ရှောင်တွေကို ဒီလိုစိတ်ပိုင်းဆိုင်ရာ အသိပညာပေးတခုတည်းတော့မဟုတ်ဘဲ တခြား အင်္ဂလိပ်စာ၊ ကွန်ပျူ တာနဲ့ မီဒီယာအပိုင်းတွေကိုလည်း ပို့ချပေးပါသေးတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ လူတိုင်းလိုလို စိတ်ဒဏ်ရာတွေကို အနည်းနဲ့အများ ခံစားနေကြရပြီး၊ တချို့ဆို ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့အထိ ရှိကြတယ်လို့ စစ်ရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါ တယ်။

ဒီလိုခံစားနေရမှုကိုသက်သာအောင် ကရင်နီဒေသတွင်းရှိ မတူညီတဲ့ အရပ်ဖက် အစုအဖွဲ့ တချို့ကနေ လုပ်ဆောင် နေတာတော့ ရှိနေပေမဲ့ လက်ရှိအချိန်အထိ တပြည်နယ်လုံးကို လွှမ်းခြုံနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန်အထိ စိတ်ပိုင်းဆိုင်ရာမှာ ပိုမိုဆိုးဝါးစွာ ခံစားနေရတာကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပဲ ဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။

ဖရူဆို၊ ဒီးမော့ဆို၊ ဖယ်ခုံစတဲ့ ဒေသတချို့မှာ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတာတွေ၊ လိုအပ် လျှင် တဦးချင်းစီ ဆွေးနွေးပေးပြီး စိတ်ခွန်အားပေးတာ၊ နှစ်သိမ့်ပေးတာမျိုးတွေ ပြုလုပ်ပေးနေတာကတော့ ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) ကပဲ ဖြစ်ပါတယ်။

“ကျမတို့ နှစ်ရှည်ပေါ့နော။ ဒီလိုပဲ နှစ်နှစ်၊သုံးနှစ် မဟုတ်လည်း ငါးနှစ်လောက် ဆက်တိုက်သွားဦးနေမယ်ဆိုတော့ ခဏက ကိုယ့်ကိုယ်ကို ပြန်လည်လုပ်နိုင်တဲ့လူတွေက ကိစ္စမရှိပေမဲ့ လွှတ်ချတဲ့လူတွေပဲဖြစ်ဖြစ် အရမ်းကြီးစွဲ ကိုင်ထားပြီးတော့မှ စိုးရိမ်စိတ်ကိုပဲ ထားနေတဲ့သူဆိုရင်တော့ သူတို့အတွက် အခက်အခဲတွေကို ပိုပြီးတော့ ကြုံရနိုင်တယ်။”

ဒါကတော့ စစ်ပဋိပက္ခကြားမှာ ကြာရှည်လာပြီး စိုးရိမ်ပူပန်မှုတွေနဲ့ပဲ ရှင်သန်နေသူတွေနဲ့ပတ်သက်ပြီး ကယန်း အမျိုးသမီး အစည်းအရုံး (KyWO) က လူသားချင်းစာနာထောက်ထားရေး ကူညီပေးရေးလုပ်ငန်းစဥ် အဖွဲ့ဝင် အားမူက ပြောပြတာ ဖြစ်ပါတယ်။

ပန်ကတော့ ဆယ်ကျော်သက်တွေက ပိုမိုထိရောက်တဲ့ကုစားမှုတွေကို ပိုလုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ် ဆောင်တာလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရမှုကြောင့် ကြီးမားတဲ့ စိတ်ဒဏ် ရာကို ရရှိထားသူပါ။ အဲဒီဒဏ်ရာကို ပြန်လည်ကုစားဖို့ အချိန်အများကြီး ယူခဲ့ရပါတယ်။

“ကိုယ်ချစ်ရတဲ့ သူတွေကို ဆုံးရှုံးရတာနဲ့ တပြိုင်နက်တည်းပေါ့နော။ ပိုပြီးတော့ ကိုယ်ချစ်ခင်ရတဲ့သူတွေပေါ့နော။ မိတ်ဆွေတွေ မိသားစုဝင်တွေကို ပိုပြီးတော့ အလေးထားဖြစ်လာတယ်။ ပိုပြီးတော့ ဂရုစိုက်လာဖြစ်တယ်။ တဆက်တည်းမှာပဲ တခြားသူတွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အကူအညီတွေ၊ ကူညီစောင့်ရှောက်မှုတွေပေးဖို့ ကြိုးစားဖြစ်တယ်ပေါ့” လို့ ပန်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပန် ရင်ဆိုင်ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ ငယ်စဥ်က ရင်ဆိုင်ခဲ့တာတွေထက် ပို များလာနေပါတယ်။ ၂၀၂၁ ခုနှစ်မတိုင်ခင်က ပန်ဟာ ကျောင်းသူတဦးပါ။ သူမရဲ့ ရည်မှန်းချက်ကတော့ နယ်ပယ် တခုမှာ ကျွမ်းကျင်အောင်လေ့လာပြီး ပြန်လည်မျှဝေတာမျိုးကို ပြုလုပ်ဖို့ပါ။

အာဏာသိမ်းပြီးနောက်မှာ သူကိုတိုင် မိသားစုဝင် ဆွေမျိုးသားချင်းအပါအဝင်နဲ့ သူငယ်ချင်းတချို့ ဆုံးရှုံးရတာ တွေ၊ ပဋိပက္ခဒေသမှာ နေထိုင်ရင်းနဲ့ ကြုံတွေ့ရတဲ့ စိတ်မလုံခြုံမှုတွေ၊ အသက်အန္တရယ်ထိခိုက်လာနိုင်တဲ့ စစ် ကောင်စီ တပ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စိတ်ဒဏ်ရာရရှိတာမျိုးတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်း ဆီးမှုကို အချိန်မရွေးကြုံတွေ့ရနိုင်တဲ့အပြင် အန္တရယ်ထဲလည်း အချိန်မရွေးကျရောက်နိုင်တဲ့ အခြေအနေတွေ ကြောင့် စိတ်‌ချောက်ချားနေခဲ့ရသူပါ။

ဒါပေမဲ့လည်း လူငယ်ပီပီ ရည်မှန်းချက်ကိုရအောင် အကောင်အထည်ဖော်ဖို့ဆုံးဖြတ်ထားတဲ့ ပန် ဟာ လူတိုင်း ရင်ဆိုင်ကြုံတွေ့မှု များလာနေတဲ့ စိတ်ဒဏ်ရာကို ကုစားတဲ့ကဏ္ဍကို ခြေဆန့်ဝင်လာခဲ့ပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဒီလိုသင်တန်းတွေကို ပြန်လည်မျှဝေနိုင်ဖို့လည်း တနှစ်ကြာ သင်တန်းတွေတက်ရောက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ လေ့လာတာမျိုးတွေ ပြုလုပ်ခဲ့ရပါတယ်။ ပြည့်စုံတဲ့အနေအထား မရောက်နိုင် သေးပေမဲ့ ဆက်ပြီး ကြိုးစားနေဆဲလို့ ပန် ကဆိုပါတယ်။

ပန်း ကုထုံးလို့ခေါ်တဲ့ သဘာဝကနေ ဖြစ်ပေါ်လာတဲ့ ပန်းတွေကို အသုံးပြုပြီး စိတ်ဒဏ်ရာတွေကို စစ်ရှောင် စခန်းက ဆယ်ကျော်သက် ကျောင်းသူ/သားတွေကို သင်ကြားပေးနေတာပါ။

“ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာကလည်း ကျနော်တို့က Professional လည်း မဟုတ်ဘူးလေနော။ ကျနော် တို့ သိထားတဲ့ အရာတချို့ကို ကျနော်တို့ ပြန်မျှဝေပေးတာဖြစ်တယ်။ ပြီးတော့ သူတို့ကို စိတ်ပိုင်းဆိုင်ရာမှာ ဖြေ ဖျောက်နိုင်မယ်ပေါ့လေ။ သက်သာရာစေနိုင်မယ့် နည်းလမ်းတွေအများကြီးထဲက တခုကိုပဲ ကျနော်တို့ ပြပေးနိုင် ခဲ့တယ်ပေါ့နော။ ဒီကြားထဲမှာ Diagram   ဆွဲတာမျိုးတွေ ကိုယ့်စိတ်ကို ဘယ်လိုမျိုး အားသာချက် အားနည်းချက် ရှာ အဲဒီလိုမျိုးတွေတော့ ကျနော်တို့ရှိတယ်။ ကျနော်တို့ သိထားတာတွေကို အားလုံးက ဝိုင်းပြီးတော့ မျှဝေကြ တာပေါ့လေ။”

ဒါကတော့ ပန်နဲ့အတူ သင်တန်းတွေကို မျှဝေပေးနေတဲ့ ကိုကောင်းက ပြောပြထားတာပါ။ ဒီအရာတွေက ဆယ် ကျော်သက် လူငယ်တွေကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပိုမိုနားလည်စေသလို ဘယ်လိုကိုင်တွယ်နိုင်လဲ ဆိုတာကိုလည်း သိရှိစေနိုင်မယ်လို့ ကိုကောင်းက မျှော်လင့်ထားပါတယ်။

“အဓိက အကျိုးသက်ရောက်မှုကို ပြောရမယ်ဆိုရင်တော့ သူတို့အနေနဲ့ ဒီလိုအရေးကိစ္စတွေရှိတယ်ဆိုတာ သူတို့ အနေနဲ့ နားလည်သွားမယ်ပေါ့လေ။ ပြီးတော့ လက်ရှိအခြေအနေမှာလည်း မြန်မာနိုင်ငံရဲ့ ကွဲပြားတဲ့ အခြေအနေ တွေကလည်း အရမ်းနဲ့ မတူညီတဲ့အစုအဖွဲ့တွေရဲ့ ပွတ်တိုက်မှုက အရမ်းနဲ့ တော်တော်များတယ်ပေါ့လေ။ သေး တာကော ကြီးတာကော အဲဒီတော့ အဲဒါတွေကနေ ကျနော်တို့ ပို့ချလိုက်တဲ့အရာတွေကနေ အဲဒါတွေကို ကျော် လွှားဖို့ ကျနော်တို့ အသိတရားတခုတော့ ရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်ပေါ့လေ” လို့ ကိုကောင်းက ဆက် ပြောပြပါတယ်။

ဂျပန်နိုင်ငံက သုသေတနပညာရှင်တွေကနေ အရောင်ကွဲပြားနေတဲ့ ပန်းတွေရဲ့ ဂုဏ်သတ္တိကို အသုံးပြုပြီး စစ် တမ်း ကောက်ယူကာ လူတွေရဲ့စိတ်ကို ခွဲခြမ်းထားတဲ့ သင်ရိုးကို အသုံးပြုပြီး သင်ကြားနေတာပါ။

ကြိုက်တတ်တဲ့ ပန်းအလိုက် လူတယောက်ချင်းစီရဲ့ စိတ်ကိုခွဲခြမ်းပြီး အကောင်းဘက်အတွေးတွေကို အဓိကထား သင်ကြားနေတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်တိုင်းမှာ စိတ်ချောက်ချားစရာတွေ များနေပေမဲ့၊ ဖြေလျှော့နည်းတွေကိုလည်း ပတ်ဝန်းကျင်ကနေ ပြန်ရယူနိုင်တဲ့ နည်းလမ်းတွေကို သင်တန်းကနေ ရရှိခဲ့တယ်လို့ ဆိုလာသူကတော့ အသက် ၁၄ နှစ်အရွယ် သင် တန်းသား မင်းခန့်ကိုပဲ ဖြစ်ပါတယ်။

“အများကြီးတော့ ကွာခြားပါတယ်။ အဲဒီသင်တန်းမတက်ခင်ခါကျတော့ ကိုယ်က ဒေါသထွက်လာတယ်ဆိုရင် တိုင်တွေကိုထိုး အဲဒီလိုမျိုးပဲ လုပ်ခဲ့တယ်။ အရင်က လုပ်ခဲ့တယ်။ နောက်အဲဒီသင်တန်းတက်ပြီးတော့ ကိုယ့် ဟာကိုယ် ထိန်းတတ်လာတယ်ပေါ့။ ဒေါသထွက်ရင် ဘယ်လို စိတ်ဖြေရမလဲဆိုတာ ကိုယ့်ကိုယ်ကို ထိန်းတတ် လာတယ်” လို့ သင်တန်းတက်ရောက်သူ မင်းခန့်ကို ကပြောပါတယ်။

သူဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာနေထိုင်ပြီး၊ အဲဒီလိုစိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သင်တန်းနှစ်ကြိမ်တက်ဖူးတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ပန်းနဲ့ စကားပြောတဲ့ နည်းကို လည်း သင်ယူရရှိတယ်လို့ ဆိုပါတယ်။

မင်းခန့်ကို ကတော့ သင်တန်းကနေရရှိတဲ့ ပညာရပ်တွေကိုလည်း အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်း တွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မျှဝေတာမျိုးတွေကို ပန်တို့အဖွဲ့အနေနဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ရှစ်ခုအထိပြုလုပ်ပေးနေပါပြီ။

ပန်တို့အဖွဲ့လိုပဲ စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အဓိကဆောင်ရွက်နေတဲ့ မတူညီတဲ့ အမျိုး သမီး အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအစုအဖွဲ့တွေလည်း ရှိနေပါသေးတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မျှဝေတာတွေ ပြုလုပ်နေတဲ့ အဖွဲ့က ကရင်နီပြည်မှာ ရှိတဲ့ စစ်ရှောင်စခန်းပေါင်း နှစ်ရာကျော်လောက်ကို မလွှမ်းခြုံနိုင်သေးပါဘူး။ ဒါတွေတင်မကသေးပဲ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကုစားမှု ကို သေချာပြုလုပ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်လည်း ကရင်နီပြည်မှာ ရှားပါးနေပါတယ်။

စစ်ရှောင်တွေအတွက် တပြည်နယ်လုံးအတိုင်းအတာနဲ့ လွှမ်းခြုံပြီး စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးနိုင်ဖို့လည်း အဓိက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံးက အားမူ က ထောက်ပြထား ပါတယ်။

“KNWO(ကရင်နီအမျိုးသမီးအစည်းအရုံး)၊ CSO (အရပ်ဘက်အဖွဲ့အစည်း) တွေလည်းရှိတယ်။ ကျမတို့အဖွဲ့တော့ အကုန်လုံးမလွှမ်းခြုံနိုင်သေးပေမဲ့ လုပ်ပေးနိုင်တဲ့အခြေအနေအထိ လုပ်ပေးနေတယ်။ တခြားလူမှုစိတ်ပိုင်းလည်း လုပ်ပေးနေတယ်။ သူတို့ကို ပံ့ပိုးပေးဖို့လည်း အရေးကြီးတယ်။ အရင်ကတော့ စစ်ဘယ်လောက်ရှောင်ရှောင် တောထဲမှာရောက်နေတဲ့ အဖွဲ့တွေကို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ အဖွဲ့တွေက ပိုများတယ်။ တပြည်နယ်လုံး အနေနဲ့ သွားဖို့ အရမ်းအရေးကြီးတယ်” လို့  ကယန်းအမျိုးသမီး အစည်းအရုံး က အားမူက ကပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်ထက်ဝက်လောက်ဟာ ကိုယ်တိုင်ကိုယ်ကျ စစ်ရဲ့ဆိုးရွားတဲ့ဒဏ်ကို ခံစားရပြီး စိတ် ဒဏ်ရာရနေကြတယ်လို့ ဆိုပါတယ်။

အိုးအိမ်စွန့်ခွာနေရတာ၊ မိသားစုဝင်၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဆုံးရှုံးရတာတွေအပြင်၊ ယခင်က ရည်မှန်း ချက်ကို အကောင်အထည်ဖော်ဖို့ ပိုမိုဝေးလံလာတဲ့အတွက် စိတ်အားငယ်တဲ့ ခံစားမှုတွေ အများဆုံးဖြစ်နေကြ ပါတယ်။ စစ်ရှောင်ကာလမှာလည်း အလုပ်အကိုင်မရှိတဲ့အတွက် ကိုယ့်ကို အားမလိုအားမရဖြစ်တာတွေလည်း အကြီးမားဆုံး စိတ်ဒဏ်ရာကို ဖြစ်စေတဲ့ အကြောင်းအရင်းထဲက တချက်ဖြစ်နေပါတယ်။

စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ပိုမိုနက်ရှိုင်းလာနေပြီး ကာကွယ်ဖို့နဲ့ ကုသဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ကိုကောင်းက ဆက်လက်သုံးသပ်ထားပါတယ်။

“အဓိက စိတ်ခံစားချက်ကိုပြောပါဆိုရင် အဓိကစိုးရိမ်ကြောက်လန့်မှုပေါ့လေ။ လုံခြုံရေး အခြေအနေပေါ့လေ။ ပြီးတော့ နောက်တခုက သူတို့ နဂိုဖြစ်တည်မှုရယ်။ နောက်ပြီးတော့ သူတို့ဆုံးရှုံးမှုတွေရယ်။ ပြီးတော့ သူတို့ကို မေ့သွားမယ်ဆိုတဲ့ စိတ်တွေရယ်၊ အဲဒီလိုအားငယ်မှုတွေကိုတော့ ကျနော်တို့ ကြုံနေရတယ်ပေါ့လေ” လို့ ကိုကောင်းက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်ကြာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား နေ့စဥ် နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကရင်နီလူထု နှစ်သိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် (KCSN) ရဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်အရ သိရပါတယ်။

စိတ်ဒဏ်ရာဟာ လူတယောက်လက်ခံနိုင်တဲ့ ဒဏ်တွေထက်ကျော်လွန်ပြီး ဖြစ်ပျက်သွားချိန်မှာ ဖြစ်ပေါ်တဲ့ ဒဏ် ရာဖြစ်တယ်လို့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေက ဆိုကြပါတယ်။

ကရင်နီပြည်ရဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကနေ ဖွဲ့စည်းတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

ကရင်နီလူထုအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်အရေးနဲ့ ပတ်သက်တဲ့ အစီအစဥ်တွေ ချမှတ်ပြီး အကောင် အထည်ဖော်သွားဖို့ ရှိတယ်လို့ ဒုတိယဌာနမှူး(၁) အနေနဲ့ ပါဝင်နေတဲ့ မော်သဲမာက ဆိုပါတယ်။

ဒါပေမဲ့လည်း ဖွဲ့စည်းစ အချိန်ဖြစ်နေတာကြောင့် အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှုက မရှိနေသေးပါဘူး။

ခန္ဓာကျန်းမာရေးဟာ လူတွေကို အလုပ်ပိုလုပ်စေနိုင်သလို စိတ်ကျန်းမာရင်လည်း လူတွေရဲ့ ရည်မှန်းချက်ကို အကောင်အထည် ပိုဖော်နိုင်တဲ့အတွက် စိတ်ကျန်းမာဖို့ အရေးကြီးတဲ့အတွက် စစ်ရှောင်တွေကိုလည်း တဦးချင်း စီ ရှိနေတဲ့ စိတ်ဒဏ်ရာတွေကို သေချာဆွေးနွေးပေးပြီး ကုစားပေးဖို့ လိုအပ်နေတယ်လို့ ပန် ကဆိုပါတယ်။

ပန်ကတော့ တစိတ်တပိုင်းအနေနဲ့ တတ်နိုင်တဲ့အထိ ပါဝင်ကူညီပြီး သင်တန်းပေးတာမျိုးတွေ ဆက်လက် လုပ် ဆောင်သွားမယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင် ပြည်သူ ဦးကြီး၊ ဒေါ်ကြီး၊ ညီငယ်၊ ညီမငယ်တွေရဲ့ အခက်အခဲတွေ ခံစားချက်တွေ အများကြီး ကြားသိရတယ်ပေါ့နော။ အရေးတော်ပုံကြီးပြီးတော့ စိတ်အေးသက်သာစွာနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ နေသွားချင်တယ်” လို့ ပန် ကပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေ တနေ့အိမ်ပြန်ရမဲ့နေ့ကို အရောက်ပြန်နိုင်ဖို့လည်း ပန်ရဲ့ တခုတည်းသော စစ်ရှောင်တွေ အပေါ် မျှော်လင့်ချက်ဖြစ်ပါတယ်.......

October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...
October 16, 2024
လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး...