စီမံကိန်းကြီးများ လုံခြုံရေး ၊ နယ်စပ်ဒေသတည်ငြိမ်ရေး စစ်ကောင်စီနှင့် တရုတ် ဆွေးနွေး

စီမံကိန်းကြီးများ လုံခြုံရေး ၊ နယ်စပ်ဒေသတည်ငြိမ်ရေး စစ်ကောင်စီနှင့် တရုတ် ဆွေးနွေး

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန်ဦးဆောင် သည့်အဖွဲ့ နေပြည်တော်သို့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရောက်ရှိလာပြီး စစ်ကောင်စီနှင့် စီမံကိန်းကြီးများ လုံခြုံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး စသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတို့ အကြား ခုနစ်ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တို ဘာလ ၃၁ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆက်သွယ်ရေးစနစ်အသုံးပြု လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ် စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေးတို့ ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ထို့ပြင် လန်ချန်း- မဲခေါင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံသား တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ် မြေချင်း ထိစပ်နေသည့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများနှင့် စပ်လျဉ်းပြီး  သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက် ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ တို့အပြင် စစ်ကောင်စီ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့လည်း တက်ရောက်ခဲ့ ကြ သည်။

မစ္စတာဝမ်ရှောင်ဟုန်သည် ထိုအစည်းအဝေးမတိုင်ခင်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် အပြင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တနာရီကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်းကိုမူ စစ်ကောင်စီက သတင်း ထုတ်ပြန်ခြင်း မရှိပေ။

တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာဝမ်ရှောင်ဟုန် နေပြည်တော်ရောက်ရှိနေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၌ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)နှင့် ရက္ခိုင် (ULA / AA) ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး စစ်ဆင်ရေး ၁၀၂၇ ကို ဖော်ဆောင်နေကာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တရုတ်-မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော်မြို့အပြင် ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ် ၇၀ နီးပါးကို တိုက်ခိုက်သိမ်းယူထားကြောင်း The Kokang မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...