ဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့မှု အကြောင်းရင်းမှန် ထုတ်ပြန်ပေးရန် မိသားစုက တောင်းဆို

ဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့မှု အကြောင်းရင်းမှန် ထုတ်ပြန်ပေးရန် မိသားစုက တောင်းဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့မှုကို အကြောင်းရင်းမှန်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ထုတ်ပြန် ပေးရန် ဆရာမ၏ မိသားစုဝင်များက တောင်းဆိုလိုက်ကြသည်။

အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးမောင်မောင်အေးအား တရားစီရင်မှု အနေအထားကို ULA/AA  ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာန၏ တရားဝင်လူမူကွန်ရက်စာမျက်နှာဖြစ်သည့် Justice For Arakan က အောက်တိုဘာလ ၂၅ ရက်နေ့တွင် အသိ ပေး ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဆရာမအား မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခဲ့သည် အကြောင်းရင်း  မပါ သဖြင့် ထုတ်ပြန်စေချင်သည်ဟု ဆရာမ၏ ဝမ်းကွဲအစ်ကိုက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ဝန်ခံ ထွက်ဆိုထားတာတော့ ထုတ်ပြန်ပါတယ်။ ကျနော့်ညီမကို ဘာကြောင့်သတ်ခဲ့လဲဆိုတာ ကျနော်တို့  မိသား စုဝင်တွေရော၊ ပြည်သူတစ်ရပ်လုံးရော သိချင်နေတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်မှာ ဘာကြောင့်သတ်ခဲ့တာလဲ ဆိုတာ မပါဘူးပေါ့နော်။ အဲဒါကြောင့် ဘာကြောင့်သတ်ခဲ့လဲဆိုတဲ့ အကြောင်းရင်းမှန်ကို ထုတ်ပြန်ပေးဖို့ အလေး အနက်ထားပြီး တောင်းဆိုပါတယ်” ဟု ပြောသည်။

ထို့အပြင် ဦးမောင်မောင်အေး ထွက်ပြေးပြီး ပုန်းရှောင်နေခဲ့စဉ်က ၎င်းအား မဖမ်းမိစေရန် ဝှက်ထားသည့် မိသားစုများအားလည်း အပြစ်ပေးသင့်သည်ဟု ဆရာမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူက ဆက်ပြောသည်။

ယမန်နေ့က Justice For Arakan ၏ ထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူ ဦးမောင်မောင်အေးက ဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရပုံနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် သရုပ်ပြ လုပ်ဆောင်ပြသသည် ကို ဖော်ပြထားသည်။

“မောင်မောင်အေး ကိုယ်တိုင် ဆရာမဒေါ်နှင်းယုနွယ်ကို အမှန်အကန်သတ်ဖြတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ဝန်ခံထွက်ဆိုခဲ့တယ်” ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူ၏ ထွက်ဆိုချက်အရ ဆရာမဒေါ်နှင်းယုနွယ်ကို သတ်ဖြတ်ခဲ့သောအချိန်၌ အသုံးပြုခဲ့သည့် သက်သေခံ ပစ္စည်းဖြစ်သော ဓားမကိုလည်း အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ရရှိထားပြီး အမှုကို ဥပဒေနှင့်အညီ စစ်ဆေးစီရင်နိုင်ရေး စနစ်တကျ ဆက်ပြီးဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

အသက် ၃၇ နှစ်အရွယ်ရှိ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့ နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

အသက် ၄၀ ကျော်အရွယ်ရှိ ဦးမောင်မောင်အေးသည် ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ တစ်ဦးဖြစ် ပြီး ၎င်းအပါအဝင် အဓိကသံသယရှိသူ ၂ ဦး၊ ဆက်စပ် သံသယရှိသူ ၁ ဦးနှင့် ဆရာမ အလောင်းအား မျက်မြင် တွေ့ရှိသူ ၆ ဦးတို့ကို ULA/AA က စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးနေစဉ် အဓိကသံသယရှိသူ ဦးမောင်မောင်အေးသည် စက်တင်ဘာလ ၁၉ ရက်နေ့ညတွင် ထွက် ပြေးသွားခဲ့သော်လည်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျွန်းပေါ်ပေါက်တောကျေးရွာရှိ သူ၏ အစ်မ နေအိမ် အတွင်း ULA/AA က ဖမ်းမိခဲ့သည်။

ရခိုင်ပြည်သူများကမူ ထိုက်သင့်သည့် ပြစ်ဒဏ်ချပေးရန် တောင်းဆိုလျက်ရှိပြီး ULA/AA ဘက်က ချမည့် ပြစ်ဒဏ်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...