ကချင်ရှိ အောင်ဂျာစခန်းသိမ်းတိုက်ပွဲက စစ်ကောင်စီ၏အိပ်မက်ကို ရိုက်ချိုးပစ်နိုင်ခြင်းဟု NUG ဝန်ကြီးပြော

ကချင်ရှိ အောင်ဂျာစခန်းသိမ်းတိုက်ပွဲက စစ်ကောင်စီ၏အိပ်မက်ကို ရိုက်ချိုးပစ်နိုင်ခြင်းဟု NUG ဝန်ကြီးပြော

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အောင်ဂျာ စခန်းသိမ်းတိုက်ပွဲသည် စစ်ကောင်စီ၏အိပ်မက်ကို ရိုက်ချိုး ပစ်နိုင်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာလ ၂၅ ရက်နေ့က ရေးသားထားခြင်း ဖြစ်သည်။

“အောင်ဂျာအောင်ပွဲက အရေးကြီးပါတယ်။ PDF တပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်များရဲ့ အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်။ ဒီစခန်းသိမ်းအောင်ပွဲမှာ AA CNF ABSDF KNA-BURMA KPDF နဲ့ PDF ရဲဘော်များ ပူးပေါင်းပါဝင်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ် မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်” ဟု ရေးသားထားသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းကို KIA တပ်က အောက်တိုဘာလ ၂ဝ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းအချို့ကို လည်း ဖမ်းဆီးရရှိခဲ့ကြောင်း ကချင်‌ဒေသသတင်းများက ဖော်ပြထားကြသည်။

တော်လှန်ရေးထု အင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာထိုးစစ်၏ ကနဦးခြေလှမ်းလည်း ဖြစ်ပြီး တိုက်ပွဲတွင် ရန်သူ့အင်အား ရာကျော်ကို ချေမှုန်းနိုင်ခဲ့သည်ဟု ဦးရည်မွန်ကရေးသားထားသည်။

ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရသည့် စခန်းသိမ်းအောင်ပွဲနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်များ၏ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းက ချီးကျူးကြောင်း ပြောဆို ခဲ့သည်။

“ဝန်ကြီးရေ ကောက်လို့တော့ မပြီးသေးဘူး။ လက်နက်ငယ်တွေကော၊ လက်နက်ကြီးတွေပါ PDF တစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်ဗျ” ဟု စခန်းသိမ်းပြီး နောက်တစ်ရက်တွင် စစ်ဒေသမှူးက လှမ်းပြော ကြောင်းလည်း ဦးရည်မွန်၏ ရေးသားချက်အရ သိရသည်။

NUG သမ္မတရုံးပြောခွင့်ရသူဦးကျော်ဇောက “တော်လှန်စစ်ပွဲဆင်နွှဲနေတာ တော်တော် ခရီးရောက်လာတာလည်း တွေ့ရပါတယ်။ စစ်မြေပြင်မှာဆိုရင် ရန်သူက အကျအရှုံးတွေများ၊ စခန်းတွေဆုံးရှုံး၊ သူတို့လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေတဲ့ကြားက အရပ်သားပြည်သူတွေကို ကြွက်မနိုင်၊ ကျီမီးရှို့ဆိုသလို လုပ်နေတဲ့ကြား က ကျွန်တော်တို့ အင်အားစုတွေက ကချင်မှာရော၊ ရှမ်းပြည်မြောက်ပိုင်းမှာရော အထိုင်ချထားတဲ့ စခန်းတွေ သိမ်းနိုင်တာ တွေ့တယ်” ဟု နိရဉ္စရာသို့ ပြောကြားထားသည်။

အောက်တိုဘာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတော်လှန်ရေး လက်နက်တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိပြီး တိုင်းရင်းသားတော်လှန်ရေး လက်နက် ကိုင်တပ်ဖွဲ့များက စခန်းသိမ်းပိုက်မှု အချို့ရှိခဲ့သည့်အပြင် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများလည်း ရှိခဲ့သည်။

ဓာတ်ပုံ- KIA

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...