ကိုဗလ (သို့) တော်လှန်ရေးကို လက်မလျော့သူ

ကိုဗလ (သို့) တော်လှန်ရေးကို လက်မလျော့သူ

၁၀ ပေ ပတ်လည် အခန်းလေးတစ်ခုထဲတွင် ကွန်ပျုတာတစ်လုံးနှင့် လက်ကမ်းစာစောင်ပုံစံ စာရွက်အဖြူများ ကြား အသားညိုညို၊ ခန္ဓာကိုယ်သေးသေး လူငယ်လေးတစ်ဦး အလုပ်ရှုပ်နေသည်။

ယင်းလူငယ်လေးသည် လက်တစ်ဖက်မရှိသည့်ကြားက ကြိုးစားပမ်းစား လက်ကမ်းစာစောင်များကို ခေါက်နေ ခြင်းလည်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ရေးသပိတ်တွင် ပေးဝေမည့် စာစောင်များကို ခေါက်နေသည့် အသက် ၂၆ နှစ်အရွယ် ကိုဗလ သည် စစ်အာဏာသိမ်းခြင်းကို လက်ရှိအချိန်ထိ နည်းလမ်းမျိုးစုံဖြင့်တော်လှန်နေသည်။

"တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လုပ်သွားမှာ။ ဘယ်တော့မှ လက်လျော့မှာ မဟုတ်ပါဘူး" လို့ ကိုဗလက သူ့၏ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ပြောသည်။

အသားရေညိုဖျော့ဖျော့၊ ခန္ဓာကိုယ်ပါးပါး ပုံစံပေါက်နေသော်လည်း သူ၏ မျက်နှာပုံစံအနေထားမှာ ရဲဝံ့သည့် ပုံစံ ပေါက်သည်။

၂၀၁၉ ခုနှစ်တွင် BE(Electronics) ဖြင့် Technological University MDY မှာ ကျောင်းပြီးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဘွဲ့ရ ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ကိုဗလ၏ အိမ်မက်များ ပျက်ပြယ်ခဲ့ရသည်။

"အာဏာမသိမ်းခင်ကာလက သူငယ်ချင်းတွေ စုပြီးတော့ လုပ်ငန်းတစ်ခုထူထောင်ပြီး အောင်မြင်အောင်လုပ်ဖို့ ရွယ်ရွယ်ထားတဲ့အချိန်ကာလမှာ စစ်အာဏာသိမ်းသွားတယ်" ဟု ကိုဗလက လေသံအေးအေးလေးဖြင့် ရှင်းပြ သည်။

တော်လှန်ရေးကာလ ၂ နှစ်ကျော် ကြာသည့်အထိ တရားမျှတမှုရရှိရေးအတွက် စစ်ကောင်စီကို နည်းလမ်းပေါင်း စုံဖြင့် ဆန့်ကျင်မှုများ လုပ်ဆောင်နေသည့် ကိုဗလလိုလူငယ်များ အများအပြားရှိနေဆဲ ဖြစ်သည်။

မည်သည့်အရာများကို ဆုံးရှုံးသည်ဖြစ်စေ စိတ်ဓါတ်ကျနေမည်မဟုတ်ဘဲ နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာ ရှင်ကို ဆက်လက်တော်လှန်နေမည်ဖြစ်ကြောင်း ရန်ကုန်ရှိ တော်လှန်ရေးလူငယ်များက ဆိုသည်။

ရန်ကုန်မြို့တွင် လှုပ်ရှားနေသည့် ရေဘဝဲ ပြည်သူအကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက "တစ်ခု မဟုတ် တစ်ခု ကတော့ ငြင်းဆန်ကြောင်း လက်သင့်မခံကြောင်း အကြမ်းဖက်စစ်ကောင်စီကို အမြဲတမ်း ပြသနေရဦးမှာ ဖြစ် တာကြောင့် တခြားသော နည်းလမ်းပေါင်းစုံကနေ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ်" ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ပြည်သူများကို မတရားဖမ်းဆီး ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်လာခဲ့ခြင်းကြောင့် လူငယ်အများစုမှာ မလွှဲမရှောင်သာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် လိုက်ပါလာခဲ့ကြသည်။ အဲဒီအထဲ ကိုဗလလည်း အပါအဝင် ဖြစ်သည်။

ကိုဗလသည် မန္တလေးမြို့တွင် နေထိုင်သူဖြစ်သော်လည်း ယခုအချိန် စစ်ကိုင်းတိုင်းတစ်နေရာတွင် လက်နက်ကိုင် တော်လှန်ရေးနှင့် သပိတ်လှုပ်ရှားမှုများတွင် ပါဝင်နေသည်။

လက်နက်ကိုင် လမ်းစဉ်လျှောက်လှမ်းရင်း မတော်တဆဖြစ်ရပ်များ ကြုံတတ်သည်မှာ မထူးဆန်းသော်လည်း ကိုယ်တိုင် လက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ မျက်လုံးတစ်ဖက် အမြင်အာရုံ ဝေဝါးခဲ့ရကြောင်းလည်း ကိုဗလက ပြော သည်။

၂၀၂၃ ဖေဖေါ်ဝါရီလ ၈ရက်နေ့ ညပိုင်း ကနီမြို့နယ်တွင်းက ပျုရွာ(စစ်ကောင်စီလက်အောက်ခံ)ရွာကို ဝင်သိမ်းရန် ကြိုးစားခဲ့ချိန် ရန်သူဖက်မှ ထောင်ထားသည့်မိုင်းကို ကိုဗလနင်းမိခဲ့ခြင်း ဖြစ်သည်။

"ထိမှန်တဲ့အချိန် မျက်လုံးကိုစမ်းလိုက်တယ်။ အဲဒီတုန်းကထင်တာက ပေါက်ထွက်သွားပြီးထင်တာ ကံကောင်း တာ ပေါက်မထွက်သွားဘူး" ဟု ကိုဗလက ပြောသည်။

"ခန္ဓာကိုယ်က သေတဲ့ဖက်ကို ရောက်ပြီးလား မရောက် လား နေကြည့်လိုက်တယ်။ တစ်မိနစ်လောက်ကြာတော့ ကျနော်မသေသေးဘူးဆိုတာ သတိထားမိလိုက်တယ်။"

၂၀၂၃ ဧပြီလ ၁၇ ရက်နေ့မှာ တာဝါတိုင်ကုန်းတိုက်ပွဲမှာ ဗလအတွက် နောက်ထပ်ကံဆိုးမှုတစ်ခု ကျရောက်လာခဲ့ သည်။

ရန်သူများကို တိုက်ခိုက်ရန် လက်ပစ်ဗုံးကို စနက်တံဆွဲသည့်အချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ညာဖက် လက် ကောက်ဝတ် တစ်ခုလုံး ဆုံးရှုံးခဲ့ရပြန်သည်။

ကိုဗလအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးထားသော်လည်း ယခုအချိန်ထိ လူငယ့်အားမာန် သပိတ်စစ် ကြောင်းတွင် ပါဝင်နေသလို ယင်းမာပင်ခရိုင် တပ်ရင်း ၁ တွင်လည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

"လက်ပြတ်သွားတာတောင် မီတင် note တွေကို လက်တော့ပ်တစ်လုံးနဲ့ ထိုင်မှတ်နေတုန်းဘဲ သူရဲ့စိတ်ဓာတ်ကြံ့ ခိုင်မှုကို အတုယူမိတယ်" ဟု ပုလဲသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုတိုးဝေအောင်က ကိုဗလ၏ တော် လှန်ရေးအတွက် နောက်မဆုတ်သည့် အကြောင်းကို ရှင်းပြသည်။

တော်လှန်ရေးလုပ်ငန်းသည် သေကွဲ၊ ရှင်ကွဲကွဲခြင်းအပြင် အခြားပေးပေးဆပ်မှုများ ရှိနေမှာဖြစ်ကြောင်း ရန်ကုန် တိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်းရေးလုပ်ဆောင်နေသည့် လူငယ်များက ယုံကြည်ထားကြသည်။

"အိမ်ကနေ စထွက်ပြီဆိုကတည်းက သေလူအနေနဲ့ အားလုံးကတွက်ခဲ့ကြတာပါ။ လုပ်ပြီးဆိုထဲက ပြင်ဆင်ပြီး တော့ အားလုံးက လုပ်ခဲ့ကြတာပါ ဆုံးရှုံးမှုတွေကတော့ ပုံစံမျိုးစုံနဲ့ ကြုံတွေခဲ့ကြရပါတယ်" ဟု ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက ဆိုသည်။

တရားမျှတသည့် အခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များ ရရှိနိုင်ရန်နှင့် ပြည်သူလူထု လွတ်လပ်စွာ နေထိုင်ခွင့် ရရှိနေရေးအတွက် ကိုဗလလို လူငယ်အများအပြားဟာ အာဏာရှင်ပပျောက်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင် နေကြဆဲ ဖြစ်သည်။

"တော်လှန်ရေးပြီးတဲ့အထိ အသက်ရှင်ကျန်နိုင်လိမ့်မယ်လို့လည်း မတွေးထားသေးဘူး။ တစ်ချိန်ချိန်တော့ ကျွန် တော်တို့ရဲ့ လွတ်လပ်ခွင့်တွေ ပြန်ရချင်တယ်" လို့ အင်ဂျင်နီယာဘွဲ့ရ ကိုဗလက သူ့ရဲ မျှော်လင့်ချက်ကို အလေး အနက်ပြောသည်။

Most read this week

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...