ULA/AA အချုပ်ထောင်၌ သေဆုံးသွားသူအတွက် မိသားစုကို နစ်နာကြေး ကျပ်သိန်း ၂၀ ပေး

ULA/AA အချုပ်ထောင်၌ သေဆုံးသွားသူအတွက် မိသားစုကို နစ်နာကြေး ကျပ်သိန်း ၂၀ ပေး
သေဆုံးသွားသည့် ကိုအောင်နိုင်အား တွေ့ရစဉ်။ (Photo – ပေးပို့)
သေဆုံးသွားသည့် ကိုအောင်နိုင်အား တွေ့ရစဉ်။ (Photo – ပေးပို့)

ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ အချုပ်ထောင်အတွင်း ဖမ်းဆီးခံထားရစဉ် ရိုက်နှက် စစ်ဆေးမှုကြောင့် သေဆုံးသွားသူ ကိုအောင်နိုင်အတွက် နစ်နာကြေးအနေဖြင့် မိသားစုကို ULA/AA က ကျပ် သိန်း ၂၀ ပေးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ် ကိုအောင်နိုင်ဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု၊ ကျွဲတဲ ကျေး ရွာ ဇာတိဖြစ်သည်။

သူအား ဆိုင်ကယ်ခိုးသည်ဟု သံသယဖြင့် ULA/AA က ဇွန်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် အချုပ်ထဲမှ ထွက်ပြေးသည်ဟုဆိုကာ ULA/AA ရဲတပ်ဖွဲ့ဝင်များက ကြမ်း တမ်းစွာ ရိုက်နှက်ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည် ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ဝန်ခံပြောဆိုထားသည်။

အဆိုပါအမှုကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကိုအောင်နိုင်၏ မိဘများဖြစ်သည့် ဦးမောင် သန်းချေနှင့် ဒေါ်သိန်းရွှေရီတို့ကို မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှတဆင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းရှိ AA ဌာနဆိုင်ရာနေရာတစ်ခုသို့ ULA/AA က ခေါ်ယူတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံပြီးနောက် အမှုနှင့်ပတ်သက်၍ မိသားစု၏ သဘောဆန္ဒကို မေးမြန်းကာ ယခုကဲ့သို့ နစ်နာကြေး ငွေ ကျပ်သိန်း ၂၀ ပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ULA က တာဝန်ရှိ အရာရှိတစ်ယောက်က ပေးလိုက်တာပါ။ နောက်ပြီး အမှုနဲ့ပတ်သက်လို့ မိသားစု သဘော ထားနဲ့ ဘယ်လို ဖြစ်စေချင်လဲ ဆိုတာမျိုးတွေ မေးတယ်လို့ ပြောပါတယ်။ ပြီးတော့ ဒီသိန်း ၂၀ ကို မိသားစုကို ကူညီတဲ့အနေနဲ့ ပေးတာလို့ ပြောပါတယ်။ မိသားစုအနေနဲ့ကတော့ သေလည်းသေသွားပြီလေ။ အမှုတာဝန်ရှိသူ တွေ ဘာအပြစ်ချခံရရ ဘာမှမထူးတော့ဘူး” ဟု ဆိုသည်။

ထို့အပြင် အမှုနှင့်ပတ်သက်၍ ပြန်လည်စိစစ်ရန် သေဆုံးသူ၏မိဘများကို မေးမြန်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ သည်ဟု မိသားစုဝင်က ဆိုသည်။

ယခု နစ်နာကြေးပေးသည့်ကိစ္စနှင့်ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခကို နိရဉ္စရာက မေးမြန်းရာတွင် “ဒီကိစ္စ ကျနော်မသိရသေးပါဘူး။ ပြန်မေးပြီးမှ ဖြေကြားပေးပါမယ်” ဟု ပြောသည်။

ULA/AA အချုပ်ထောင်အတွင်း ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားသည့် ကိုအောင်နိုင်၏ ရင်ခွဲထားသည့် ရုပ်အလောင်းကို အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် AA တပ်သား ၄ ဦးက မိဘများထံ ပေးပို့ခဲ့ သည်။

ကိုအောင်နိုင် သေဆုံးသွားသည့်အမှုတွင် ULA/AA ၏ သက်ဆိုင်ရာ ရဲမှူးနှင့်ရဲတပ်သားများကို အရေးယူသွား မည်ဟု ဦးခိုင်သုခက ပြောဆိုပြီးနောက် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း စစ်ဆေးမှုများလုပ်ဆောင်နေသည်။

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...