ရွှေကူရှိ စစ်ကောင်စီ တပ်စခန်းကို KIA နှင့် PDF သိမ်းပိုက်

ရွှေကူရှိ စစ်ကောင်စီ တပ်စခန်းကို KIA နှင့် PDF သိမ်းပိုက်

ရွှေကူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစခန်းအား တစ်ခုအား KIA၊ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်းအား အောက်တို ဘာလ ၁၈ ရက်နေ့၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နှင့် ရွှေကူခရိုင် KPDF ပူးပေါင်းတပ်တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း KPDF မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ဘက်က အဲဒီစခန်းကို စီးနင်းဝင်ရောက်ပြီးတော့မှ တိုက်စစ်ဖွင့်တယ်သဘောမျိုးဖြစ်ပါတယ်။ သိမ်း ပြီးသွားရင်တောင် အဲဒီနေရာကို ထိုင်ဖို့ အခြေအနေမရှိပါဘူး။ အဲစခန်းက တပ်ရင်းနှစ်ခုပေါင်းပြီးတော့မှ အကာ အကွယ်ယူထားတဲ့ စစ်တပ်ရဲ့ ဆက်သွယ်ရေး အထိုင်စခန်းတစ်ခု၊ အဆင့်တစ်ခုမှာရှိတဲ့ အခြေအနေ တစ်ခုမှာရှိတဲ့ ဆက်သွယ်ရေးအထိုင်စခန်းတစ်ခုဖြစ်ပါတယ်။”

အဆိုပါ စစ်ကောင်စီ၏ ဆက်သွယ်ရေးစခန်းသည် ငဘတ်ကြီးကျေးရွာနှင့် ၂ ဖာလုံသာဝေးပြီး ရွှေကူမြို့နှင့် ၁ မိုင် ခန့် အကွာတွင်ရှိသည့် စခန်းတခုဖြစ်သည်။

စစ်ကောင်စီတပ် လက်အောက်ခံ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်းနှစ်ရင်းပေါင်းကာ အထိုင်ချထားသည့် စခန်း ဖြစ်ရာ စစ်အင်အား ၆၀ ခန့်သာရှိသည်ဟု ဆိုသည်။

KPDF မှ တာဝန်ရှိသူက “ကျနော်တို့ ဘက်ကနေပြီးတော့ စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ ပထမဦးဆုံးအနေနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် မို့ ဒီကောင်တွေဘက်က အထိအခိုက်အကျအဆုံးတွေတော့ အနည်းအများရှိပါလေ့မယ်။ ဒါပေမယ့် စခန်းဝင် ရောက် စီးနင်းတဲ့အခါမှာ လက်နက်တစ်လက် ခဲယမ်းများစွာနဲ့ အလောင်းတစ်လောင်း ရရှိခဲ့ပါတယ်။ ကျန်တဲ့ ထိခိုက်တဲ့သူတွေက ငဘတ်ကြီးတောင်ကျောင်း ဘုန်းကြီးကျောင်းထဲကို သူတို့က အထဲဝင်ပြီးတော့ ဆုတ်ခွာသွား တာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွှေကူမြို့ စစ်ကောင်စီတပ်ဘက်မှ ၎င်းတို့၏ ဆက်သွယ်ရေးစခန်းအား လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငဘတ်ကြီးကျေးရွာမှ လူနေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ ဒေသခံတစ် ဦး ထိခိုက်ဒဏ်ရာ ရသွားသည်။

ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက “သူတို့ဘက်ကဒါတော့ လုပ်ရိုးလုပ်စဉ်ပါ။ အဲ့လို လက်နက်ကြီး ပစ်ခတ်မှုတွေတော့ ရှိတယ်။ တိုက်ခိုက်နေစဉ်ကာလမှာလည်း မြို့တွင်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ် ခတ်တာရှိတယ်။ ဒါကြောင့်မို့လို့ မြို့လှ KPDF ကနေပြီးတော့မှ သူတို့လက်နက်ကြီးပစ်ခတ်တဲ့ နေရာကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာမျိုးလည်း ရှိတယ်။ ပြီးတော့မှလည်း မနေ့ညပိုင်း (အောက်တိုဘာလ ၁၉ ရက်နေ့) လောက် ကလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေတာမျိုး တွေရှိတယ်” ဟု ပြောသည်။

ထိုသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် “တိုက်ပွဲ ဖြစ်တဲ့နေ့မှ ပစ်ခတ်တဲ့ဟာကတော့ ရပ်ကွက်ထဲ ကနေပြီးတော့ အိမ်တစ်လုံးကို အိမ်ထဲကျပြီးတော့မှ အရပ်သား ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရထား တယ်လို့ သတင်းရရှိထားပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ဘယ်လောက် ပျက်စီးမှုရှိတယ်ဆိုတာ မျိုး တွေ မြေပြင်ဆင်းပြီးတော့မှ စုံစမ်းလို့တော့မရသေးပါဘူး” ဟု အဆိုပါ သတင်းအရင်းမြစ်က ဆက်ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက် နက်ကြီးများဖြင့် ရပ်ရွာများထဲ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းအထိ ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခု တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရသည့် ဆက်သွယ်ရေးစခန်းသည် စစ်ကောင်စီတပ်အတွက် အဓိကကျသည့် စခန်းဖြစ်ပြီး စခန်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ MA 11 တစ်လက်၊ မိုင်းနှင့် ခဲယမ်းများ၊ ရိက္ခာများ ကိုပါ သိမ်းပိုက်ရရှိခဲ့ပြီး KIA နှင့် KPDF တို့ဘက်တွင် အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးဟု ဆိုသည်။

ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်းနှစ်ရင်းပေါင်းကာ အထိုင်ချထားသည့် အဆိုပါ ဆက်သွယ်ရေးစခန်းမှ စစ် ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧပြီလအတွင်း၌ ရွှေကူမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာအား ရက်ပေါင်း ၁၉ ရက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် စစ်ကြောင်းထိုးခဲ့ပြီး အရပ်သား နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သေးသည်။

Most read this week

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...