လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဆေးဝါးပို့ဆောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အားနည်း

လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဆေးဝါးပို့ဆောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အားနည်း

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီ (ကယား) ပြည်မှာ နယ်မြေလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်  စစ်ရှောင်လူထုတွေဆီကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ နဲ့ ဆေးဝါးတွေ ရောက်ရှိလာဖို့ အခက်အခဲတွေ ရှိ နေတယ်လို့ လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN) ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

“သယ်ယူပို့ဆောင်ရေးက လမ်းမကြီးတွေ  မသွားနိုင်တဲ့အတွက် ကျနော်တို့ တောလမ်းကနေ သွားတဲ့အချိန်မှာ  ကျနော်တို့အခက်ခဲရှိတယ်” လို့  CHDN ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

လူထုတွေဆီကို ဆေးဝါးသယ်ယူတဲ့အခါတွေမှာ လမ်းမကြီးတွေကို အသုံးပြုသွားလာလို့ မရတော့ဘဲ တောလမ်း တွေကို အသုံးပြုသွားလာရတာကြောင့် တချို့နေရာတွေမှာ ကားတွေသွားလို့မရဘူးလို့ ဆိုပါတယ်။

ဆေးဝါးတွေကို လူအားနဲ့ သယ်ယူနေရတာတွေရှိနေပြီး တချို့ လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိနေတယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဆေးရုံဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်ဗုံးကြဲတာတွေ၊ လက် နက်ကြီး ပစ်ခတ်တာတွေ ရှိနေတာကြောင့် လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

“ကျနော်တို့ ဆေးရုံဆေးခန်းရှိတဲ့ နေရာတော်တော်များများက စစ်ကောင်စီက မြေပြင်ကနေလာမှာ မကြောက်ရ ပေမဲ့လည်း လေကြောင်းနဲ့ ဗုံးလာကြဲတာတို့ လက်နက်ကြီးတွေ လှမ်းပစ်နေတာမျိုးတွေ ကျတော့ အဲ့ဒါကတော့ အခက်အခဲပေါ့နော်” လို့ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

လက်ရှိကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏ ကြုံတွေ့နေကြရပြီး ဖရူဆိုမြို့ နယ်ထဲက တချို့ဆေးခန်းတွေမှာ ရက်လွန်သွားတဲ့ ဆေးဝါးတွေကိုပါ အသုံးပြုနေရပါတယ်။

ကရင်နီမှာ စစ်ရှောင်ဦးရေဟာ နှစ်သိန်းခွဲကျော် ရှိနေပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ရှောင်လူဦးရေ တစ်သိန်း ကျော်ရှိနေပြီး စစ်ရှောင်အများဆုံးရှိနေတဲ့ မြို့နယ်တစ်မြို့နယ်ပဲ ဖြစ်ပါတယ်။

စစ်ရှောင်ဦးရေများတာကြောင့် စစ်ရှောင်စခန်းက ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ (IEC) အနေနဲ့လည်း လိုအပ်တဲ့‌ဆေးဝါးတွေ ကူညီပေး နေ တာရှိပေမဲ့ တဖွဲ့တည်း ကူညီဆောင်ရွက်နိုင်ဖို့ အခက်ခဲကြောင့် အခြားသော သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာရှိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ဦးဗညားက အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာက IEC ကျန်းမာရေးဌာနကလည်း ပေါ်ထွန်းလာတာ သိပ်မကြာသေးဘူး။ အခုချိန်မှာ စပြီးတော့ ကျနော်တို့က ညှိနှိုင်းတဲ့အဆင့်ပဲသွား နေတယ်ပေါ့နော်။ သို့ပေမဲ့လည်း ကျနော်တို့အနေနဲ့ အထူးပင် ဂုဏ်ယူတာ ကတော့ တိုင်းရင်းသား လက်နက်ကိုင် ကျန်းမာရေးဌာနတွေရယ်၊ အခုနောက်မှ ပေါ်ထွန်းလာတဲ့ ကျန်းမာရေး အစုအဖွဲ့တွေရဲ့ အားကောင်းမောင်းသန်တဲ့၊ နောက်ပြီးတော့ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ သွား နေတာ ဖြစ်တယ်” လို့ IEC အတွင်းရေးမှူး (၂) ဦးဗညား က ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျန်းမာရေးဌာနတွေအပြင်၊ စစ်ရှောင်ကူညီတဲ့ အဖွဲ့အစည်းတွေ နဲ့  လူမှုအသင်းအဖွဲ့တွေက နိုင်ရာဝန်ထမ်းပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေ ကြပါ တယ်။

ဒါပေမဲ့လည်း ကုန်စျေးနှုန်းတွေမြင့်တက်လာတဲ့ နောက်မှာ တနိုင်တပိုင် ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာမှာ အခက်အခဲပိုများလာတယ်လို့ ကရင်နီပြည် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကုန်စျေးနှုန်း တက်တာပေါ့နော်။ ဒီဆေးပိုင်းမှာဆို ၄/၅/၁၀ သိန်းဖိုးဆို ဘယ်လောက်မှ မရဘူးပေါ့နော်။ ဒီလူနာ ၄/၅/၇ယောက်လောက် ကုလိုက်တာနဲ့ ဆေးတွေက ကုန်သွားပြီပေါ့။ ကျနော်တို့က အခမဲ့ လိုက်ကုသပြီး ဆေး တွေဘာတွေ ဝေပေးတယ်ဆိုတော့ ကျနော်တို့ ဒီဆေးဝါးကုသမှု အစီအစဥ် မိုဘိုင်းမှာ တခေါက်တခေါက်ဆို အနည်းဆုံး ကျပ်သိန်း ၁၅-၂၀ ကြားမှာ ကုန်တယ်‌ပေါ့။ ဒါက ဆေးဖိုး သီးသန့်ပဲရှိသေးတာပေါ့။”

ကျန်းမာရေး စောင့်ရှောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေဟာ ရှိနေတဲ့ လုပ်နိုင်စွမ်းနဲ့ လူ့အရင်းအမြစ် တွေအရ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုသာ ဦးစားပေး လုပ်ဆောင်နိုင်သေးတယ်လို့ CHDN ရဲ့ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

“အားလုံးက ကြိုးကြိုးစားစားနဲ့တော့ လုပ်နေကြတယ်။ တဖက်မှာက ဆေးဝန်ထမ်းတွေဆိုတာက ဆေးပညာ တွေ ဘယ်လောက်ပဲရှိနေရှိနေ အထောက်အကူပြုတဲ့ ဆေးဝါးတို့၊ ပစ္စည်းတို့ မရှိရင် ကျနော်တို့ လုပ်လို့ မရဘူး လေ။”

ဆေးဝါး ပြတ်လပ်မှုတွေရှိနိုင်ပေမဲ့ သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေဆီမှာ လိုအပ်တဲ့ ကုသမှုတွေကို ခံယူနိုင်တယ်လို့ ခွန်းဖိလစ်က ပြောပါတယ်။

Most read this week

October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...