မော်ချီးတွင် ကုန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်

မော်ချီးတွင် ကုန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်

ကယား(ကရင်နီ)ပြည်၊ မော်ချီးမြို့တွင်၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး မြန်မာနိုင်ငံတစ်ဝှမ်း အမြင့်ဆုံး စံချိန်ဖြစ်နေသည်ဟု မြို့ခံပြည်သူများက ပြောသည်။

လွိုင်ကော် - ဒေါတမကြီး - ဘောလခဲလမ်းအား ပြီးခဲ့သည့် မေလမှစတင်၍ ပိတ်ဆို့ထားသောကြောင့် ကုန်ဈေး နှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာမှ တစ်ဆင့် ယခု အောက်တိုဘာလတွင် အဆိုးဆုံး အခြေအနေအထိ ကြုံနေရခြင်း ဖြစ်သည်။

မော်ချီးမြို့နေ အမျိုးသား တစ်ဦးက “မော်ချီးဘက်ကို ကုန်ပစ္စည်းတွေက ဘယ်က လာလဲဆိုရင် အရင်တုန်းက လွိုင်ကော်ဘက်ကနေ လာတာပေါ့နော်။ ခုပြောတဲ့ ဒေါတမကြီးလမ်း ဒါမှမဟုတ်ရင် ဖရူဆိုလမ်းပေါ့။ ဒါပေမယ့် ဖရူဆိုလမ်း ပိတ်တာတော့ တော်လှန်ရေး အစကတည်းက ပိတ်တာပေါ့။ နောက် ဒေါတမကြီးလမ်း ပိတ်သွား တော့ ဒီတောထဲက လမ်းတစ်လမ်း ရှိတယ်ပေါ့နော်။ အဲလမ်းက ကားဖြတ်လို့ ရတယ်။ ဒါပေမယ့် အန္တရာယ် များ တယ်၊ လမ်းဆိုးတယ်။ အဲဒီ လမ်းကလည်း အခု ပိတ်သွားပြီပေါ့။ တိုက်ပွဲကြောင့် စစ်ကောင်စီတွေ စစ်ကြောင်း ထိုးတာကြောင့်ပေါ့။ အဲတော့ ကုန်ပစ္စည်းတွေက ဒီ ၂ လထဲမှာ ဒီဘက်ခြမ်းကို ရောက်ဖို့ သိပ်မရှိဘူးပေါ့နော်” ဟု ပြောသည်။

လတ်တလောတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်လျှင် ၄၀၀,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၆၀၀,၀၀၀ ကျပ်ဝန်းကျင်၊ စားအုံးဆီ တစ်ပိဿာလျှင် ၁၀၀,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ် စသည့် ဈေးနှုန်းများအထိ မြင့်တက် နေ သည်ဟု ဆိုသည်။

ထို့အပြင် ကော်ဖီမစ် အထုပ်သေး တစ်ထုပ်လျှင် ၁,၅၀၀ ကျပ်၊ ကွမ်းသီး/ရွက် တစ်ပိဿာ ၁၅၀,၀၀၀ ကျပ်၊ ဘီယာသံဘူး တစ်ဘူးလျှင် ၂၀,၀၀၀ ကျပ်၊ ဆန်အရက်ကြမ်း တစ်လီတာလျှင် ၁၈,၀၀၀ ကျပ် စသည့် ဈေးနှုန်း များအထိ ပေါက် ဈေးရှိနေသည်။

“ကားတွေလည်း သွားလို့ မရဘူး။ ဆိုင်ကယ်တွေလည်း သွားလို့မရတော့ သိပ်(ကုန်ပစ္စည်းရောက်ဖို့) မရှိဘူး။ ဒါပေမယ့် တချို့ကတော့ ဆိုင်ကယ်တွေနဲ့ တင်ပို့ကြတာတော့ ရှိတယ်။ အဓိက ဘယ်ကနေ ကုန်ပစ္စည်း တင်ပို့ ကြ လဲဆိုတော့ ထိုင်းဘက်ကနေ ပြီးတော့ ခဲမဖြူဘက် တစ်ကြောကို အဲဒီ သံလွင် အနောက်ခြမ်းကို ပို့ကြတာပေါ့။ အဲဒီ အနောက်ဘက်က ဝင်ရင် ဆန်ကတော့ ဈေးသက်သာတယ်။ တစ်အိတ်ကို တစ်သိန်းကျော်ပဲ ရှိတယ်။ ဒါပေ မယ့် တစ်သိန်းကျော်ဆိုတာက ဒီဘက်ကနေ တွက်ရင်တော့ ဈေးများတယ်ပေါ့။ ဒါပေမယ့် လွိုင်ကော်ကနေ လာ တဲ့ဆန်က လေးသိန်း နီးပါး ရှိတယ်။ အဲတော့ သူတို့က ထိုင်းဆန်ကို စောင့်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီမှာ ရှိတဲ့ လူဦးရေနဲ့ ရတဲ့ ရိက္ခာက ဘယ်လိုမှ မလုံလောက်နိုင်ဘူးပေါ့နော်” ဟု မော်ချီးမြို့နေ အမျိုးသား တစ်ဦးက ဆက် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကစ၍ ထိုင်း-ကရင်နီနယ်စပ် တစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန် လာ သည်နှင့်အမျှ သွင်းကုန်များ ရပ်ထားရပြီး လက်ရှိ အထက်တန်းလွှာ လူတန်းစားများပင်လျှင် လိုသလောက် ဝယ် ယူ၍ မရတော့သည့် အခြေအနေ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

မော်ချီးမြို့တွင် လက်ရှိ တိုက်ပွဲများ မဖြစ်သေးသော်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး အင်အား စုများ ထိပ်တိုက် ရင်ဆိုင်လျက်ရှိပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သောကြောင့် ဒေသခံနှင့် စစ်ဘေးရှောင် ဦး ရေ ၁၀၀,၀၀၀ ကျော်တို့က ဘေးကျပ်နံကျပ် ဖြစ်နေသည်ဟု ဆိုသည်။

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...