အာဏာသိမ်းမှုနောက် အစုလိုက်အပြုံလိုက် သတ်ခံရမှုဖြစ်စဉ် ၂၀ ကျော်တွင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ ဟု ISP Myanmar ထုတ်ပြန်

အာဏာသိမ်းမှုနောက် အစုလိုက်အပြုံလိုက် သတ်ခံရမှုဖြစ်စဉ် ၂၀ ကျော်တွင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ ဟု ISP Myanmar ထုတ်ပြန်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းက သေဆုံးဒဏ်ရာရရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းက သေဆုံးဒဏ်ရာရရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ် ၂၂ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၅၀၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) မှ ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အထိ ကာလအတွင်း လူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတဝန်းတွင် ဆယ်ဦးထက်မနည်း အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းဖြစ်သည်ဟု ISP-Myanmar မှ အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ် ပြန်ထားသည်။

“အဲဒီဖြစ်စဉ် ၂၂ ခုဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့အတွင်း ပေါ်ပေါက်ခဲ့ပြီး အရပ်သား ၅၀၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ ရ တယ်” ဟု ဖော်ပြသည်။

အစုလိုက်အပြုံလိုက် အသတ်ခံရမှုများမှာ စစ်ကိုင်းတိုင်းတွင် ၁၃ မှု၊ ကချင်ပြည်နယ်တွင် ၃ မှု၊ ကရင်နီ (ကယား) ပြည်နယ်တွင် ၁ မှု၊ ရခိုင်ပြည်နယ်တွင် ၁ မှု၊ ရှမ်းပြည်နယ်တွင် ၁ မှု၊ ချင်းပြည်နယ်တွင် ၁ မှု၊ မကွေးတွင် ၁ မှု၊ ပဲခူးတိုင်းတွင် ၁ မှုတို့ဖြစ်သည်ဟု ISP-Myanmar မှ ထုတ်ပြန်သည်။

ယင်းအထဲတွင် ယခုနှစ်၊ ဧပြီ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်ဇီကြီးကျေးရွာတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၃၈ ဦးအပါဝင် အရပ်သား ၁၆၅ ဦးခန့် အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှာ လူဦး ရေအများဆုံး သေဆုံးမှုဖြစ်ခဲ့သည်။

ပြည်သူများကို အစုလိုက်အပြုံ သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ထိရောက်စွာ အရေးယူ နိုင်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဒီရက်ပိုင်း လိုင်ဇာမှာ စစ်ဘေးရှောင်စခန်း တိုက်ခတ်ခံရမှုဟာ တော်တော်လည်းကို ဆိုးရွားတဲ့ပြစ်မှုဖြစ်တယ်။ ဒါတွေက စစ်ကောင်စီဟာ သာမန်အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက် အထားတွေ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယခုနှစ် အောက်တိုဘာလ ၉ ရက်က လိုင်ဇာဒေသရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ကလေး ၁၀ ဦးအပါအဝင် ၂၈ ဦးခန့်သေဆုံးခဲ့ပြီး လူပေါင်း ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

အစုလိုက်အပြုံလိုက် အသတ်ခံရမှုများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီး သတ် ဖြတ်ခြင်းနှင့် မီးရှို့သတ်ဖြတ်မှုတို့ပါဝင်ကြောင်း ISP-Myanmar ကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိနိုင်ရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသခံများကပြောသည်။

“သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီဖက်က တစ်စုံတစ်ရာမှ နစ်နာကြေးပေးတာမျိုး မရှိသေး ဘူး။ တရားမျှတမှုဆိုတာလည်း မရှိကြဘူး။ သေသွားတဲ့အထဲမှာ အိမ်ထောင်ဦးစီး ၇ ဦးလောက် ပါသွားတယ်။ အခု သူတို့တွေရဲ့မိသားစုတွေဟာ စားဝတ်နေရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ သေသွားတဲ့သူတွေ မှာ အဆုံးပဲ” ဟု ဂြိတ်ချောင်းကျေးရွာက သေဆုံးသွားသူ၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

ဂြိတ်ချောင်းကျေးရွာမှ အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိတို့လက်ချက် မဟုတ်ဘဲ ရက္ခိုင့်တပ်တော် (AA) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်းဟု စစ်ကောင်စီက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် အသတ်ခံရပြီးသေဆုံးသွားသူ ၄,၁၄၆ ဦးခန့် ရှိလာပြီဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရ သည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...