စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ကျဆင်းကြောင်း ကုန်သည်များပြော

စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ကျဆင်းကြောင်း ကုန်သည်များပြော
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းစီးပွားရေးဇုန်) ဓာတ်ပုံ - ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း RSCCI
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းစီးပွားရေးဇုန်) ဓာတ်ပုံ - ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း RSCCI

နိုင်ငံတော်အတွက် ဒေါ်လာဝင်ငွေများ ရှာပေးနေသည့် ရခိုင်ပြည်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှာ စစ်ကောင်စီ၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် ကုန်သွယ်ရေးကျဆင်းရခြင်းဟု ကုန်သည်များက ပြောသည်။

စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လယ်ယာထွက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းတို့ကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်လိုက်ခြင်းကြောင့် မောင်တော နယ်စပ် ကုန်သွယ်ရေးဘက်တွင် ကျဆင်းသွားခြင်းဖြစ်ကြောင်း ကုန်သည်များက ရှုမြင်ကြသည်။

ယင်းသို့ ကန့်သတ်လိုက်ခြင်းကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနှင့် ကြက်သွန်နီနှင့် ရေထွက်ပစ္စည်းတွင် ရေချို၊ ရေငန်ငါးမျိုးစုံတို့ကို စက်တင်ဘာလမှစ၍ အသစ်တင်ပို့ နိုင်ခြင်း မရှိတော့ပဲ ကုန်လက်ကျန်များကိုသာ ပို့နေခဲ့ရကြောင်း သိရသည်။

အမည်မဖော်သည့် မောင်တောနယ်စပ် ကုန်သည်တစ်ဦးက “မောင်တောနယ်စပ်ကုန်သွယ်ရေး အခြေအနေ ကတော့ ကျဆင်းတယ်လို့ပဲ ပြောရမှာပါ။ ၁ ရက်ခြား၊ ၂ ရက်ခြားဆိုသလို စက်လှေ လုံးဝကို အထွက်မရှိတာပါ။ စက်လှေမထွက်တဲ့ရက်တွေက များလာတယ်” ဟု ပြောသည်။

ယခင်က မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ရက်လျှင် စက်လှေ ၃ စီးမှ အများဆုံး ၅ စီးအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကုန်သွယ်မှုရှိသော်လည်း ၃ ရက်နေမှ တစ်ကြိမ်လောက်သာ ထွက်တော့ကြောင်း မောင်တောမှကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခု၏ အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ရှိ Sonali ဘဏ်က ထုတ်ယူခွင့်ပိတ်ပင်ခဲ့သည်ကို တန် ပြန်သည့်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီနှင့် ရေချိုရေငန် ငါးမျိုးစုံကို နှစ်နိုင်ငံ  နယ်စပ် မောင်တောမြို့နယ်မှတစ်ဆင့် တင်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သည်။

ကန့်သတ်ကုန်စည်များကို တင်ပို့လိုပါက ပြည်နယ်မြို့တော် စစ်တွေရှိ ကုန်သွယ်ရေးစခန်းကိုသာ သုံးစွဲရမည်ဟု စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၁ နေ့ ရက်စွဲဖြင့် အမိန့်စာထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု ဆိုသည်။

ထိုကန့်သတ်မှုသည် မြန်မာပို့ကုန်နှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေပေးချေမှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရဘဏ်က ပိတ်ပင်လာပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မှောင်ခိုတင်ပို့မှုများကို ရှောင်ရှားရန်အတွက်ဖြစ်ကြောင်း စစ်ကောင် စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်သူရက Myanmar Now ကို စက်တင်ဘာလက ပြောဆိုထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ မူဝါဒအပြောင်းအလဲကြောင့် မောင်တောရှိ ကုန်သည်များ၊ ပြည်မလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး၌ စက်လှေသမား၊ ကုန်တင်ကုန်ချ သမားတို့အတွက် တစ်စုံတစ်ရာ ထိခိုက်မှုရှိကြောင်း ပြောသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေး၏ ပို့ကုန် ပမာဏအများစုမှာ ရေချို၊ ရေငန်ငါးမျိုးစုံဖြစ်ကြောင်းနှင့် ယခင် အ အေးခန်း ကားများဖြင့် ပြည်မဘက်ကနေလာသည့် ငါးမြစ်ချင်းများမှာလည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း က တင်ပို့ရာတွင် အရည်အသွေးပိုင်း နိမ့်ကျမှုနှင့် ကြုံရပြီး နှစ်ဘက်ကုန်သည်များအကြား စကားအချေအတင် ပြောဆိုရမှုရှိကြောင်း ကုန်သည်များက ပြောဆိုကြသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်းဥက္ကဌ ဦးအောင်မြင့်သိန်းက “ဟိုဘက်ကုန်သွယ်‌ရေးစခန်း (စစ်တွေ ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း)ကပို့တဲ့ ကုန်တချို့က ဟိုဘက်ကမ်းကိုရောက်တဲ့အခါ အရည်အသွေး မကောင်း တော့ဘူးဆိုတာကို သူတို့သိတယ်။ စစ်တွေကပို့တဲ့ ပုတ်သိုးလွယ်ကုန်ပစ္စည်းတွေဟာ တစ်ဖက်နိုင်ငံကို ရောက်တဲ့ အချိန်မှာ မောင်တောကပို့တာထက် အရည်အသွေးကျဆင်းမှုရှိတယ်ဆိုတာ ပကတိအခြေအနေအရ ငြင်းလို့မရ တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ မူဝါဒရှိလို့ အဲလိုမျိုးလုပ်လိုက်တာလို့ပဲ သုံးသပ်ပါ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန် အမေရိ ကန်ဒေါ်လာ ၁ ဒဿမ ၄၂၅ သန်းရှိသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က စတင်၍ မြန်မာ့ထုတ်ကုန်၊သွင်းကုန်လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအဖြစ် ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံကုန်သွယ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

ယခင်က ဘဏ်ငွေလွှဲလက်မှတ် တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ ဖြင့် ခွင့်ပြုဆောင်ရွက်ခဲ့ပြီး လက်ရှိ တွင် ဘဏ်ငွေလွှဲလက်မှတ် တစ်စောင်လျှင် ဒေါ်လာ ၅ သောင်းအထိ သတ်မှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ် Sonali ဘဏ်က မြန်မာနိုင်ငံပိုင် MFTB နှင့်MICBဘဏ် ၂ ခုတို့ကို ဒေါ်လာထုတ်ယူခွင့် ပိတ် ပင်ထားခြင်းကြောင့် မောင်တောနယ်စပ်ကုန်သွယ်မှုတွင် အဆိုပါဘဏ်နှစ်ခုနှင့် ဘင်္ဂလားဒေ့ရှ်ဘဏ်ကြား ဆောင် ရွက်မှုမှာ ကျဆင်းလာနေခြင်းဖြစ်သည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...