AA က ဖမ်းဆီးထားသည့် မြောက်ဦးက ဆရာတော်လေးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆို

AA က ဖမ်းဆီးထားသည့် မြောက်ဦးက ဆရာတော်လေးပါးကို ပြန်လွှတ်ပေးဖို့ တောင်းဆို
စစ်ဘေးရှောင်စခန်းမှ ကျောင်းသားများကို မြို့ဦးခေါင်းဆရာတော်က စာအုပ်စာတန်းများ ထောက်ပံ့နေသည်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လက တွေ့ရစဉ်။ (ဓာတ်ပုံ - ALP)
စစ်ဘေးရှောင်စခန်းမှ ကျောင်းသားများကို မြို့ဦးခေါင်းဆရာတော်က စာအုပ်စာတန်းများ ထောက်ပံ့နေသည်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လက တွေ့ရစဉ်။ (ဓာတ်ပုံ - ALP)

ရခိုင်ပြည်၊ မြောက်ဦးမြို့က ကျောင်းထိုင်ဆရာတော် လေးပါးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း ဖမ်းဆီးခံ ဆရာ တော်များနှင့် နီးစပ်သည့် ရဟန်း(သံဃာများ)က မိန့်ကြားသည်။

AA က ဖမ်းဆီးထားသည့် မြောက်ဦးမြို့က ဆရာတော်လေးပါးမှာ မြို့ဦးခေါင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသာရ၊ နန်းမြို့စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကေသရ၊ လကွယ်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ထေရဝံသ၊ ရွှေစည်းဝကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပီယတို့ ဖြစ်ကြသည်။

အဆိုပါ ဆရာတော်လေးပါးကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ AA က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဆရာတော်လေးပါးနှင့် ယခုအချိန်ထိ အဆက်အသွယ်မရဘဲ ဖြစ်နေပြီး မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုလည်း မသိရသေးကြောင်း မြို့ဦးခေါင်းကျောင်းတိုက်မှ ယာယီကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသာမိ က မိန့်ကြားသည်။

“ဆရာတော်နဲ့က လုံးဝ အဆက်အသွယ်မရသေးဘူး။ ကိုယ်တော်ကလည်း အသက်ကြီးလာပြီဆိုတော့ အဲဒီ ဆရာတော်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ ဒီက စစ်ဘေးရှောင်တွေဆိုရင်လည်း ဆရာတော်ကို မှီခိုပြီး ခိုလှုံနေကြတာ။ ဆရာတော်မရှိတော့ သူတို့လည်း ခက်ခဲမှုတွေရှိကြတယ်” ဟု မိန့်သည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၀ ကျော်၊ လူဦးရေ ၈၀၀ ခန့်ရှိပြီး စစ်ဘေးရှောင်စခန်းများ ကို ကူညီထောက်ပံ့မှု သိသိသာသာလျော့ကျလာ၍ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

ရွှေစည်းဝဘုန်းတော်ကြီးကျောင်းတိုက်မှ ယာယီကျောင်းထိုင်ဆရာတော် ဦးသောဘိတက “ကျောင်းရှင် ရဟန်း တစ်ပါးအနေနဲ့ ဝါတွင်းကာလတွေမှာ ကိုယ့်ကျောင်းကန်မှာ သတင်းသုံးခွင့်မရတာက တော်တော်လည်းကို စိတ် မကောင်းစရာဖြစ်တယ်။ ကိုယ်တော်တို့အနေနဲ့က ကျောင်းရှင်ရဟန်းတွေကို သူရဲ့ ကျောင်းမှာသာ သီတင်းသုံး စေချင်တဲ့အတွက် ပြန်လွှတ်ပေးစေချင်တယ်” ဟု မိန့်သည်။

ဖမ်းဆီးခံထားရသည့် ဆရာတော်လေးပါးအနက် မြို့ဦးခေါင်းဆရာတော်နှင့် ရွှေစည်းဝ ဘုန်းတော်ကြီး ကျောင်း တိုက်မှ ဆရာတော်ကြီးအပါအဝင် ရဟန်းတစ်ပါး၊ ကိုရင်တစ်ပါးတို့မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

လက်ရှိ AA က ဖမ်းဆီးထားသည့် ဆရာတော် လေးပါးထဲမှ မြို့ဦးခေါင်းဆရာတော်နှင့် ရွှေစည်းဝ ဘုန်းတော်ကြီး ကျောင်းထိုင် ဆရာတော်တို့မှာ ဒုတိယအကြိမ် ဖမ်းဆီးခံရခြင်းလည်းဖြစ်သည်။

လက်ရှိတွင် မြောက်ဦးမြို့က ဆရာတော်လေးပါးကို AA က ဖမ်းဆီးထားသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်သဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးသင့်သည်ဟု မြောက်ဦးမြို့က ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“နိုင်ငံရေးအရ ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ပြောစရာမရှိပေမဲ့ ဖမ်းဆီးတဲ့အခါမှာ မြို့နယ်သံဃာနယက (ဒါမှ မဟုတ်) AA က ဖွဲ့စည်းထားတဲ့ သံဃာအကျိုးဆောင်အဖွဲ့ ဓမ္မစက်နဲ့ အရင်သတိပေးသင့်တယ်။ အဲဒီလို မရတဲ့ အခါမှ အာဏာစက်နဲ့ ဖမ်းဆီးသင့်တယ်။ အခုက ငါတို့ အာဏာရှိလို့ ဖမ်းသလိုဖြစ်နေတယ်” ဟု ဆရာတော်က မိန့်သည်။

မြောက်ဦးမြို့က ဆရာတော်လေးပါးကို AA က ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ AA ပြောရေး ဆိုခွင့် ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ကလည်း ALP ပါတီဝင် ခိုင်ပေါ်လင်း အပါအဝင် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။

AA အနေဖြင့် ALP တပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီးလျှင် ပြန်လွှတ် ပေးခြင်းများရှိသလို သံသယရှိသည့် ALP တပ်ဖွဲ့ဝင်များကို တာရှည်ထိန်းသိမ်းရခြင်းများရှိသည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက AA က ပြောဆိုထားသည်။

ပြီးခဲသည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးရှိ ALP မှ တွဲဖက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ခိုင်မျိုးဇံအပါအဝင် ဆေးဝန်ထမ်းများဖြစ်သည့် ခိုင်ဌေး၊ ခိုင်မိုးဇက်၊ ခိုင်ဟိန်း ဇော်တို့ကို ULA/AA က ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၁၀ ကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...