ပလက်ဝ-ကျောက်တော် တစ်ရက်ခြား သင်္ဘောပြေးဆွဲနေသော်လည်း ပလက်ဝတွင် ကုန်စျေးနှုန်း ကျဆင်းမှုမရှိ

ပလက်ဝ-ကျောက်တော် တစ်ရက်ခြား သင်္ဘောပြေးဆွဲနေသော်လည်း ပလက်ဝတွင် ကုန်စျေးနှုန်း ကျဆင်းမှုမရှိ
ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် သင်္ဘောအား တွေ့ရစဉ်။ (Photo - MOI)
ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် သင်္ဘောအား တွေ့ရစဉ်။ (Photo - MOI)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့သွားသည့်ရေကြောင်းလမ်းတွင် စစ်ကောင်စီ က တစ်ရက်ခြားစီ သင်္ဘောပြေးဆွဲပေးနေသော်လည်း ပလက်ဝမြို့တွင် ကုန်စျေးနှုန်းများ ကျဆင်းလာခြင်းမရှိ သေးဟု ဒေသခံများက ပြောသည်။

ကျောက်တော်-ပလက်ဝရေလမ်းတွင် တစ်ရက်ခြားစီ သင်္ဘောပြေးဆွဲနေသည်မှာ ရက်သတ္တပတ် တစ်ပတ် ကျော် ကြာရှိပြီ ဖြစ်သည်။

ထို့အပြင် ပုဂ္ဂလိက စက်လှေများပါ သွားလာခွင့်ရနေပြီး ပစ္စည်းသယ်ယူခွင့်နှင့် ရေကြောင်းဖြင့် သွားလာမှု အဆင်ပြေလာသော်လည်း ပလက်ဝမြို့တွင် ကုန်စျေးနှုန်းများမှာ ယခင်အတိုင်း မြင့်တက်နေဆဲဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။

ပလက်ဝဒေသခံတစ်ဦးက “အခုက သင်္ဘောလည်း တစ်ရက်ခြားတက်တယ်။ ပုဂ္ဂလိက စက်လှေတွေလည်း သွား လို့ရတယ်။ ကုန်ပစ္စည်းတွေလည်း တင်လို့ရတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းက ကျမလာသေးဘူး။ အဲဒါက အဓိက ပြဿနာပေါ့။ အရင်ကအတိုင်းပဲ ရှိနေတယ်” ဟု ပြောသည်။

ကျောက်တော်-ပလက်ဝရေကြောင်းလမ်းတွင် စစ်ကောင်စီက ယခင်က တစ်ပတ်လျှင် အင်္ဂါနှင့် သောကြာ နှစ် ရက်သာ ရေနယားသင်္ဘောဖြင့် ပြေးဆွဲခဲ့သော်လည်း အောက်တိုဘာလ ၄ ရက်မှစပြီး တစ်ရက်ခြားစီ ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ကန့်သတ်ကုန်အဖြစ် သတ်မှတ်ထားသည့် သံ၊ ဘိလပ်မြေနှင့် အခြား ဆောက်လုပ် ရေး ပစ္စည်းများမှလွဲပြီး ကျန်စားသောက်ကုန်များကို တင်ယူခွင့်ရနေပြီဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလာသော်လည်း ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းမလာခြင်းမှာ စီးပွားရေးသမားများကြောင့်ဖြစ်သည်ဟုလည်း အဆိုပါမြို့ခံက ပြောသည်။

“အရင် ကျပ်တည်းတုန်းက စစ်ကောင်စီတပ်က ခွင့်ပြုမှ သွားလာလို့ရတယ်။ ကုန်ကျစရိတ်များတယ်ဆိုတဲ့ ပုံစံ မျိုးပေါ့။ အဲဒီစျေးကို သူတို့က မချတော့ဘူး။ အခုလည်း သူတို့က အဲဒီအတိုင်းပဲ သွားနေကြတယ်။ ပြောမယ် ဆိုရင် စီးပွားရေးသမားတွေကြောင့်လို့ ပြောနိုင်တယ်။ ကျောက်တော်မှာ စျေး ၁၀၀ တက်ရင် ဒီမှာ ၅၀၀ ဆိုပြီး ပြောတယ်။ ပြီးတော့ အရင်လိုမျိုး သယ်ယူမှုစရိတ်မြင့်တယ်ဆိုပြီး အဲဒီအတိုင်းပဲ ဆက်လုပ်နေကြတယ်” ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့တွင် ၄ လီတာပါ ဓါတ်ဆီတစ်ဂါလံကို ကျပ် ၁၄၀၀၀ စျေးရှိပြီး ဆန်နှင့် အခြားစားသောက် ကုန်စျေးနှုန်းများမှာလည်း ယခင်အတိုင်း မြင့်တက်နေဆဲဖြစ်သည်ဟု ဆိုသည်။

လမ်းခရီးတွင် စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှုတချို့ရှိသော်လည်း ကုန်ပစ္စည်းများကို သင်္ဘောနှင့်ထက် ပုဂ္ဂလိက စက်လှေများဖြင့်သာ အများအားဖြင့် တင်ဆောင်ကြသည်ဟု စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

“သင်္ဘောမှာတော့ သူတို့တားမြစ်ကုန် ပါ/မပါလောက်ပဲစစ်တယ်။ စက်လှေတွေမှာကျတော့ အားလုံးကို စစ် တယ်။ ဒါပေမဲ့ သင်္ဘောမှာတင်တာထက် စက်လှေတွေမှာတင်ရင်တော့ စက်လှေသမားတွေက ကုန်ပစ္စည်းတွေ ကို ဂရုတစိုက်ရှိတယ်ဆိုပြီး စက်လှေနဲ့တင်တာ များပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းလမ်းမှာ ပိတ်လိုက်၊ ဖွင့်လိုက်ရှိနေခဲ့ခြင်း ဖြစ်သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အဆိုပါ ရေကြောင်းသွားလာမှုကို စစ်ကောင်စီက ပိတ်ထားခဲ့သည့်အတွက် ဒေသအတွင်း ကုန်းစျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရသည်။

ယင်းနောက်ပိုင်း ကျောက်တော်-ပလက်ဝရေလမ်းကြောင်းကို ရေနယားသင်္ဘောဖြင့် (အင်္ဂါ နှင့် သောကြာ) နေ့ များတွင် တစ်ပတ်နှစ်ကြိမ် ခရီးသည်တစ်ဦးလျှင် ကျပ် ၁၈၀၀ နှုန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၌ စစ်ကောင်စီက ပြန်လည်ပြေးဆွဲခဲ့သည်။

ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်ဟု သတ်မှတ်ထားသော်လည်း ဒေသခံများ ကျန်းမာရေး၊ ပညာရေးနှင့် ကုန် ပစ္စည်း အပါအဝင် အခြားကိစ္စများအတွက် ရခိုင်ပြည်ကိုသာ အဓိကအားထားနေရပြီး ပလက်ဝ ဒေသခံများမှာ ရခိုင်ပြည်ကျောက်တော်မြို့ကို ကုလားတန်မြစ်အတိုင်း ရေလမ်းခရီးဖြင့် သွားလာနေကြရခြင်းဖြစ်သည်။

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...