ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် မြေပြင်တိုင်းတာမှုများရှိနေ

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် မြေပြင်တိုင်းတာမှုများရှိနေ
ကျောက်ဖြူ-မန္တလေး-ကူမင်းရထားလမ်း လျာထားမြေပုံ။
ကျောက်ဖြူ-မန္တလေး-ကူမင်းရထားလမ်း လျာထားမြေပုံ။

ရခိုင်ဒေသက တရုတ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နှင့် တရုတ်၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ချိတ်ဆက်မည့် ရထားလမ်းစီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်သော ကျောက်ဖြူ-မန္တလေး လမ်း ပိုင်းကို ယခုရက်ပိုင်းအတွင်း တရုတ်က မြေပြင်တိုင်းတာမှုများ စတင်လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်နိုင်ငံသားများပါဝင်သည့် အဖွဲ့သည် အမ်းမြို့နယ် စနဲနှင့် မအီမြို့ကြား ကျေးရွာများ တွင် ရထားလမ်းကြောင်း လျာထားနေရာများကို တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမ်းမြို့နယ်၊ စနဲအုပ်စုမှ ဒေသခံတစ်ဦးက “သူတို့က လွန်ခဲ့တဲ့ ၂ ရက်လောက်က ကား ၂ စီးနဲ့ ရောက်လာကြ တယ်။ သူတို့ကတော့ ရထားလမ်းအတွက် မြေတိုင်းတဲ့သဘောပြောတယ်။ ပြီးတော့ တိုင်တွေ ကိုင်ပြီးတော့ လည်း မြင်လိုက်တယ်။ GPS တိုင်းတယ်လို့တော့ ပြောကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်နှင့် မအီမြို့အနီးရှိ ကျေးရွာများတွင် ရဲတပ်ဖွဲ့ လုံခြုံ ရေးနှင့်အတူ တရုတ်နိုင်ငံသားများပါဝင်သည့် အဖွဲ့တစ်ခုက ကုန်းလမ်း မိုင် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ စစ်ကောင်စီ စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက် လာမည်” ဟု ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်က အဆိုပါ ရထားလမ်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသဖြင့် စီမံကိန်း များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

မီးရထားလမ်းကြောင်း ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မည်ဖြစ်သော်လည်း ဒေသခံ လယ်ယာ မြေများ ထိခိုက်နစ်နာမှုမရှိရန် လုပ်ဆောင်သင့်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ဒီရထားလမ်း ဖောက်တာကတော့ ကောင်းတယ်လို့ ပြော ရမှာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာကတော့ တောင်သူတွေ၊ ဒေသခံတွေရဲ့ မြေယာတွေပါသွားရင်တော့ ထိုက်သင့်တဲ့ လျှော်ကြေးတွေ ပေးဖို့လိုပါတယ်။ ဒေသခံတွေ မနစ်နာရင်တော့ ပြီးတာပဲ။ ဒါပေမယ့် ဒေသခံတွေ နစ်နာမယ့် အခြေအနေကိုတော့ စိုးရိမ်မကင်းဖြစ်ရပါတယ်” ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းနှင့် အခြား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ဒေသခံများအတွက် အကျိုးခံစားခွင့်နည်းပါးကြောင်း ဝေဖန်မှုများရှိနေသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ကိုခိုင်ဦးက “အများအားဖြင့် တရုတ် စီမံကိန်း တွေက ဒေသခံတွေရဲ့ အကျိုးစီးအတွက် အပြောင်းအလဲလုပ်ပေးတဲ့ စီမံကိန်းတွေက နည်းပါးပါတယ်။ အခု သူတို့ရဲ့ ရထားလမ်းစီမံကိန်းလည်း သူတို့အကျိုးစီးပွားအတွက်ပဲ ဦးစားပေး လုပ်နေကြတယ်လိုတော့ မြင်မိ တယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးပဋိပက္ခများဖြစ်နေသည့် ကာလတွင် အဆိုပါရထားလမ်း အပါအဝင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းများကို စစ်ကောင်စီက အကောင်အထည်ဖော်ရန်ကိစ္စမှာ ဖြစ်နိုင်ခြေနည်း ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အဆိုပါရထားလမ်း စတင်အကောင်အထည်ဖော်ဆောင်နေမှု၊ လမ်းခရီး အချက်အလက်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ကျောက်ဖြူ-မန္တလေး ရထားလမ်းစီမံကိန်းမှာ ကျောက်ဖြူ SEZ အထူးစီပွားရေးဇုန်အတွက် အရေးပါပြီး တရုတ် နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းမြောက် မူဆယ်ကိုဖြတ်ကာ မန္တလေးနှင့် ကျောက်ဖြူကို တိုက်ရိုက်ကုန်သွယ်ရန် ဖောက်လုပ်နေခြင်းဖြစ်သည်။

ရထားလမ်းစီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ တွင် နှစ်ဖက်အစိုးရကြား နှစ်ဖက်နားလည်မှု စာချွန် လွှာ (MOU) လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် MOU သက်တမ်း ထပ်မတိုးခဲ့သည့်အတွက် ရပ်နားခဲ့ သည်။

ယင်းနောက် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ် ၃၃ ခုအနက် အဆိုပါရထားလမ်းစီမံကိန်းလည်း ပါဝင်ခဲ့သည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း Belt and Road INitative (BRI)၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန်းမှန်းထားကြသည်။

အလားတူ ရခိုင်ပြည်က ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု ဆိုင်ရာ EIA/SIA ကောက်ယူထားပြီးဖြစ်ကာ စစ်ကောင်စီက စီမံကိန်းကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေ သည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...