KIA ဌာနချုပ်အနီး စစ်ရှောင်စခန်းကို အားပြင်း လက်နက်များဖြင့် တိုက်ခိုက်

KIA ဌာနချုပ်အနီး စစ်ရှောင်စခန်းကို အားပြင်း လက်နက်များဖြင့် တိုက်ခိုက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း အားပြင်းသော လက် နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ကလေးငယ်များအပါအဝင် ၂၉ ဦးသေဆုံးသွားသည်ဟု KIO/KIA က ပြော သည်။

အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး သေဆုံးသူ ၂၉ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၇ ဦးရှိသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အခုလက်ရှိကတော့ သေသွားတာက ၂၉ ဦးရှိပါတယ်။ ဒဏ်ရာရတာကတော့ ၅၇ ဦးရှိပါတယ်။ အားလုံးက ၈၆ ဦးပေါ့။ ထပ်ရှာတွေ့ရမလားတော့ မသိသေးဘူးပေါ့နော်။ အခုသေသွားတဲ့အထဲမှာ ၁၈ နှစ်အောက် ကလေးတွေ ကတော့ ၁၁ ယောက်ပါ ပါတယ်။ ဒဏ်ရာရတဲ့ထဲမှာလည်း ကလေးတွေ ပါပါတယ်။ စာရင်းအတိအကျတော့ မရသေးဘူး” ဟု ပြောသည်။

လက်နက်ကြီးနှင့် ပစ်ခတ်ခံခဲ့ရသည့်အတွက် မုန်လိုင်ခက်စစ်ရှောင်စခန်း ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ အားလုံးလည်း ပျက်စီးသွားပြီဟု ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ လက်နက်ကြီးနှင့် ပစ်ခတ်ခံလိုက်ရသည့် မုန်လိုင်ခက် အနီးဝန်းကျင်တွင် ကယ်ဆယ်ရေး၊ နေရာပြောင်း ရွှေ့များ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူဦးရေလည်း ထပ်တိုးနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “မနေ့ညက ၁၁ ခွဲအချိန်လောက်မှာ သူတို့က လက် နက်ကြီးနဲ့ ပစ်တာဖြစ်ပါတယ်။ လက်နက်ကြီးဆိုတာကတော့ လေယာဉ်နဲ့ဒရုန်းနဲ့ လာပစ်တဲ့ပုံစံမျိုးနဲ့ လက်နက် ကြီးနဲ့ ပစ်တာရှိပါတယ်။ မိုင်းကြီးတွေပေါ့နော်။ နောက်သူတို့ အမြဲတမ်းပစ်နေတဲ့ လက်နက်ကြီး အမြောက် တွေနဲ့လည်း ပစ်တာ။ ၁၂၀ တို့၊ ၁၀၅ တို့ အဲ့ဒါနဲ့လည်း ပစ်တာရှိတယ်။ မနေ့ကတော့ အဲ့ဘက်မှာ အဲ့ဒီချိန်မှာ ရင် ဆိုင် တိုက်ပွဲတွေလည်း မရှိဘူး။ မြေပြင်တိုက်ပွဲတွေလည်း မရှိဘူး။ လက်နက်ကြီးနဲ့တော့ သူတို့ ပစ်တာရှိပါ တယ်။ သူတို့ဘက်ကနေ တဖက်သတ် စစ်ရှောင်ပြည်သူတွေရှိတဲ့ဘက်ကို အခုလိုမျိုး ပစ်တာဖြစ်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ပေါက်ကွဲအားပြင်းသည့် လက်နက်ကြီးများဖြင့် စစ်ရှောင်စခန်းထဲကို တဖက်သတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ပုံစံကတော့ လေကြောင်းနဲ့ ပစ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ဒီလေယာဉ်ပျံသန်းတဲ့ အသံကတော့ မကြားဘူး။ ညအိပ်နေတဲ့အချိန်ဆိုတော့ မကြားတာလည်း ဖြစ်နိုင်တာပေါ့။ သူတို့ပစ်တဲ့ ဗုံးကြီး ကတော့ စစ်ရှောင်စခန်းမှာပဲ ကျတာပေါ့။ စစ်ရှောင်စခန်း အလယ်လောက်မှာပေါ့နော်။ ပစ္စည်းတွေ ဘာတွေ ထားတဲ့ ကွင်းပြင်တစ်ခုရှိတယ်။ အဲ့မှာကျပြီး ပတ်ဝန်းကျင် အကုန်ထိသွားတာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများကို လက်ရှိတွင် လိုင်ဇာမြို့ပေါ်တွင် ပြောင်းရွှေ့ထားပြီး အောက်တိုဘာလ ၁၀ ရက်နေ့ တနေကုန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် နေရာ အနီးတွင် ရှာဖွေရှင်းလင်းရေး၊ ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “လိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျနော်တို့ အနေနဲ့က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ထိန်းသိမ်းဆောင်ရွက်လေ့ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီး ဗုံးကြဲတိုက်ခိုက်တယ်တို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဖြစ်နိုင်သလားဆိုတာ ဒါစဉ်းစားချင်ပါတယ်။ ကျနော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင် သောင်း ကျန်းနေတဲ့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ပြောပြီး ဖြစ် ပါတယ်” ဟု NEWS OF MYANMAR တယ်လီဂရမ်ချယ်နယ်တွင် ငြင်းဆိုထားသည်။

မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည့်အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - KHRWက ထုတ်ပြန်တောင်းဆိုထားသည်။

အလားတူ ယခုဖြစ်စဉ်မှာ လက်ခံနိုင်စရာ အကြောင်းပြချက် လုံးဝမရှိသော တိုက်ခိုက်မှုလုပ်ရပ်သည် ကျပ် တည်းသော အခြေအနေကာလများတွင် ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်ဟု UNICEF Myanmar က ထုတ်ပြန်ထားသည်။

ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်း၏ ပစ်မှတ်များ မဟုတ်ကြောင်း UNICEF Myanmar က ပြောသည်။

Most read this week

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...