စစ်တွေတွင် ယမန်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးတိုးမြှင့်ထား

စစ်တွေတွင် ယမန်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးတိုးမြှင့်ထား
ဓာတ်ပုံ - ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံ များက ပြောသည်။

စစ်တွေမြို့တွင် အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီခန့်က သားဖနှစ်ဦး သေနတ်ပစ်ခံခဲ့ရ၍ ဖခင်ဖြစ်သူသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ယင်းဖြစ်စဥ်ဖြစ်ပြီးနောက် အောက်တိုဘာ ၆ ရက်တွင် စစ်တွေရှိ လူစည်ကားရာနေရာများနှင့် လူသွားလူလာများ သည့် လမ်းဆုံ၊ လမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့များဖြင့် လုံခြုံရေးတိုးမြှင့်ထားသည်ဟု မြို့ခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

စစ်တွေမြို့ခံတစ်ဦးက “နာရီစင်အဝိုင်းနားမှာ စစ်သားတွေ၊ ရဲသားတွေ အများကြီးတွေ့တယ်"ဟု ပြောသည်။

ယခုလို မြို့ပေါ်တွင် အင်အားအလုံးအရင်းဖြင့် စောင့်ကြည့်နေခြင်းကြောင့် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ဒီလိုစစ်သားတွေ၊ ရဲတွေ လက်နက်တွေနဲ့စောင့်နေတော့ အရမ်း ကြောက်တာပေါ့။တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ပဲပစ်သွားမလား ကြောက်နေရတယ်” ဟုပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့ ညက သေနတ်ပစ်ခံရပြီးသေဆုံးသူမှာ စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ ဦးမောင်စိန်တင် အသက် (၅၁) နှစ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒဏ်ရာရသွားသူမှာ သေဆုံးသူ၏ အသက် ၃၀ ကျော်အရွယ် သမီးဖြစ်သူ ဒေါ်မမချေ ဖြစ်သည်။

သေဆုံးသူမှာ ULA/AA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်)မှ ခေါင်းဆောင်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေနတ်ဖြစ်ပွားခဲ့သည့်နေရာမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရုံးနားတွင်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့ လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ် ခံလိုက်ရသလို ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်တွေမြို့ပေါ်တွင် ရက်ပေါင်း၂၀ အတွင်း သေနတ်ပစ်ခံမှု ၂ ကြိမ်ဖြစ်ပွား လာခြင်းကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်နေကြသည်။

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...