ထောင်နှစ်ရှည်ကျနေသော နိုင်ငံရေး အကျဉ်းသား ၇ ဦး သေဒဏ်အမိန့်များ ချခံရ

ထောင်နှစ်ရှည်ကျနေသော နိုင်ငံရေး အကျဉ်းသား ၇ ဦး သေဒဏ်အမိန့်များ ချခံရ

ဧရာဝတီတိုင်းရှိ ဖျာပုံခရိုင် တရားရုံးက  စက်တင်ဘာလတစ်လ အတွင်းမှာပင် ထောင်နှစ်ရှည် ကျနေသော အမျိုးသား  နိုင်ငံရေး အကျဉ်းသား ၇ ဦး ကို သေဒဏ် အမိန့်များ ထပ်မံချခဲ့သည်ဟု တရားရေးဌာန အသိုင်း အဝိုင်းထံမှ သိရသည်။

ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက ၁၀ နှစ် နှင့် အထက် ထောင်ဒဏ် အမိန့်ချပြီးဖြစ်သည့် အမျိုးသား  နိုင်ငံရေး အကျဉ်းသား ၇ ဦး အနက် ၃ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ကြိမ်၊ ကျန် ၄ ဦးကို စက်တင် ဘာလ  ၁၂ ရက်နေ့က တစ်ကြိမ် သေဒဏ် အမိန့်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးက “ဧရာဝတီတိုင်း တရားရုံးတွေထဲမှာ ဖျာပုံခရိုင် တရားသူကြီးက သေဒဏ် အမိန့်ချတာ စံချိန်တင်တယ်။ ချန်ပီယံဆု ရလောက်တယ်။ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ထောင်ချပြီး ဖြစ်နေတဲ့ နှစ်ကြီး နိုင်ကျဉ်းတွေကို ဒလန်သတ်မှုနဲ့  သေဒဏ် ထပ်ချတာပါ။ သေဒဏ်ချတာက စွဲချက်တွေ မခိုင်မာဘဲနဲ့ ချတာ ဆိုတော့ သိပ်ဆိုးလွန်းတယ်” ဟု ပြောသည်။

စက်တင်ဘာ ၂၈ ရက်နေ့ က သေဒဏ် ထပ်မံအမိန့်ချခံရသော ဘိုကလေးမြို့က ဦးဌေးဝင်း နှင့် ကိုကျော်မိုးလွင် တို့ကို အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၁၀ နှစ် အမိန့်ချထားပြီး မအူပင်မြို့က ကိုဝေယံကျော်ကို အကြမ်းဖက် ပုဒ်မ များဖြင့် ထောင်ဒဏ် ၅၇ နှစ် အမိန့်ချခံထားရသည်ဟု နိုင်ကျဉ်းမိသားစုဝင်များက ပြောပြသည်။

၎င်းတို့ ၃ ဦး စလုံးကို ဖျာပုံမြို့နယ် ကျုံကျိုက်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူး ဦးဌေးဝင်း နှင့် ဇနီးတို့ သေ နတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက စွပ်စွဲအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို တရားသူကြီးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ - ၁ (ခ)ဖြင့် သေဒဏ်အမိန့် ချလိုက်ခြင်း ဖြစ်သည်ဟု ဖျာပုံမြို့ခံ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

ဘိုကလေးမြို့က ဒလန်ဟု နာမည်ကြီးသူ ဒေါ်သူဇာကြီး ပစ်သတ်ခံရမှု နှင့် စွပ်စွဲ ဖမ်းဆီးခံရပြီး စက်တင်ဘာ ၁၂ ရက်နေ့က ပုဒ်မ ၃၀၂၊ ပုဒ်မ ၁၀၉ တို့ဖြင့် သေဒဏ်အမိန့် ထပ်မံချရသော ဘိုကလေးမြို့ခံ လူငယ်များဖြစ်သည့် အသက် ၂၀ ဝန်းကျင်အရွယ် ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုပြည်စုံဖြိုး နှင့် ကိုမင်းသူအောင် တို့မှာ အကြမ်း ဖက် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်အထက် နှစ်ရှည် ကျခံနေရသူများဖြစ်သည်။

“ပစ်သတ်ခံရသူ အားလုံးက ဒေသအတွင်းမှာ ဒလန်လို့ သတင်းကြီးနေသူတွေပါ။ ဒေသခံတွေကိုလည်း အမျိုး မျိုး ဒုက္ခပေးနေတဲ့သူတွေပါ။ သေဒဏ်အပေးခံရသူတွေက နိုင်ငံရေး တက်ကြွလှုပ်မှုတွေမှာ ထင်ရှားတဲ့သူတွေ ပါ။ ဒါပေမယ့် အကြမ်းဖက် ပုဒ်မတွေနဲ့ စွပ်စွဲတာမှာ သက်သေခိုင်မာမှုမရှိဘဲနဲ့ နှိပ်စက်ပြီး အတင်းအကြပ် ဝန်ခံ ခိုင်းပြီး ထောင်ဒဏ် သေဒဏ်တွေ ချလိုက်တာ” ဟု လူမှုရေး တက်ကြွသူ အသက် ၅၀ ကျော်ရှိ ဒေသခံ ဦးကျော် ကြီး က ပြောသည်။

ဖျာပုံမြို့နယ် ကျုံကျိုက်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ဇနီးတို့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပစ်သတ်ခံရပြီး ဘိုကလေးမြို့က ဒလန်အဖြစ် နာမည်ကြီးသော ဒေါ်သူဇာကြီးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းများတွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေး ဦးဌေးဝင်း၊ ၎င်း၏ ဇနီးနှင့် ဒလန်အဖြစ် နာမည်ကြီးသော ဒေါ်သူဇာကြီးတို့ ပစ်သတ်ခံရမှုဖြင့်  ပတ် သက်ပြီး ဘိုကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ဖျာပုံခရိုင် တရားကြီးသူကြီး ဒေါ်သူဇာအေးက စက်တင်ဘာလအတွင်း သေဒဏ် အမိန့်ချလိုက်သော ဦးဌေးဝင်း အပါအဝင် ၇ ဦးသည် နှစ်ရှည် ထောင်ကျပြီး သေဒဏ် အမိန့်ချခံထားရသောကြောင့် အောက်တိုဘာလ အတွင်း မှာ ပုသိမ်ထောင်ကို ပြောင်းရွှေ့ရလိမ့်မည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့က ပြောပြသည်။

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...