အာရက္ခပြည်သူ့အစိုးရ၏ တရားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ULA/AA က လျှောက်လွှာခေါ်ယူနေ

အာရက္ခပြည်သူ့အစိုးရ၏ တရားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ULA/AA က လျှောက်လွှာခေါ်ယူနေ

အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာန လက်အောက်ရှိ တရားရုံးနှင့် ဥပဒေရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်ရန် ဥပဒေရေးရာ လေ့ကျင့်ရေး ကျောင်းဝင်ခွင့် လျှောက်လွှာကို ရက္ခိုင့်အမျိုသားအဖွဲ့ချုပ်/ရက္ခိုင့် တပ်တော် (ULA/AA)က အောက်တိုဘာ ၁ ရက်နေ့မှ စတင်ခေါ်ယူနေပြီ ဖြစ်သည်။

လျှောက်ထားမည့်သူများသည် အာရက္ခနိုင်ငံတော်နှင့် အာရက္ခပြည်သူ့အစိုးရအား သစ္စာခံသူဖြစ်ရမည်ဖြစ်ကာ အာရက္ခပြည်သူ့အစိုးရ၏ ဌာနတစ်ခုခုတွင် လက်ရှိတာဝန်ထမ်းရွက်နေသူဖြစ်ပါက အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ပြင်ပလျှောက်ထားသူများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်တွင် အဓိကလိုအပ်နေသည့် တရားစီရင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့ ULA/AA က ပြင်ဆင်လာမှုအပေါ်  ဝမ်းသာကြိုဆိုကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“ပြည်သူ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် မဏ္ဍိုင်ကြီး (၃)ရပ်မှာ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်နေတယ်။ ကျနော်တို့ ရခိုင်မှာလည်း တရားစီရင်ရေးမဏ္ဍိုင် ကောင်းကောင်းမွန်မွန် ဖြစ်ဖို့အတွက် လိုတယ်။ ဘာလို့ဆို မကြာသေးခင် က ရသေ့တောင်မြို့နယ်မှာ ကျောင်းဆရာမ တစ်ယောက်မတော်မတရား သတ်ဖြတ်ခြင်းခံရတယ်။ ဒီလိုပဲ ဒေသ အသီးသီးမှာလည်း ဒီလိုအမှုကြီးတွေမပေါ်ပေါက်တောင်မှ လိမ်လည်မှုတွေ၊ အမျိုးမျိုးအနိုင်ကျင့်မှုတွေ တော် တော်များများ တွေ့ရတယ်။ ဒါကြောင့် တရားရေးမဏ္ဍိုင် အားကောင်းဖို့ တရားရေးဝန်ထမ်းတွေခေါ်တယ်ဆိုတာ ဝမ်းမြောက်ဖွယ်ရာပါပဲ" ဟု ပြောသည်။

အဆိုပါ သင်တန်းအတွက် လျှောက်လွှာများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လျှောက်ထားနိုင် ပြီး လျှောက်ထားသူသည် အသက်(၂၀) မှ (၃၂) နှစ်အတွင်း ရှိသူ၊ နေရာဒေသမရွေးတွင် တာဝန်ထမ်းနိုင်ဆောင် နိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ဥပဒေရေးရာ လေ့ကျင့်ရေးကျောင်းတွင် (၇) လကြာ သင်တန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်သူ ဖြစ်ပြီး တရားရေးဌာနတွင် အနည်းဆုံး (၅) နှစ် တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ဆိုသည်။

လျှောက်လွှာများကို အာရက္ခပြည်သူ့အစိုးရ၏ ဥပဒေရုံး၊ တရားရုံး၊ နီးစပ်ရာ စစ်ဒေသ ကွပ်ကဲရေးရုံး၊ နိုင်ငံရေး ဌာန၊ အုပ်ချုပ်ရေးဌာနများတွင် အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ထုတ်ယူနိုင်ပြီ ဖြစ်သည်။

Most read this week

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...