မြစ်ကြီးနား-မြစ်ဆုံလမ်းတွင် စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုများရှိနေပြီး ဒေသခံများစိုးရိမ်နေ

မြစ်ကြီးနား-မြစ်ဆုံလမ်းတွင် စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုများရှိနေပြီး ဒေသခံများစိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား- မြစ်ဆုံလမ်းမှာ စစ်ကောင်စီတပ်သားတွေ အခုရက်ပိုင်း သိသိသာသာ သွားလာ လှုပ်ရှားနေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်က မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမှာ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး လက်ရှိ မြစ်ဆုံသွားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာနေကြတာ ဖြစ်တယ်လို့ မြစ်ဆုံလမ်းပေါ်နေ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နှစ်ရက်၊ သုံးရက်လောက် မရှိတော့ဘူး ဟုတ်တယ်။ ဒီမနက်ကနေစပြီး မြစ်ဆုံသွား လမ်းတစ်လျှောက် ပြန်ရှိနေ တယ်။ ရပ်တဲ့သူကရပ်။ ထိုင်တဲ့သူကထိုင်ပြီး ရှိနေတယ်။ လေးယောက်၊ ငါးယောက် ရပ်နေကြတာ။ ဝါးတွေရော၊ ထင်းတွေရော ထုတ်နေကြတယ်။ ဘာလုပ်ဖို့လည်းတော့ မသိဘူး” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းလောက်ကပဲ တန်ဖရဲကျေးရွာက ဒေသခံတချို့ကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင် သွားပြီး ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်လည်းရှိခဲ့တဲ့ အတွက်ကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ဘက်ကနေ တက်လာတယ်လို့ ယူဆရတဲ့ အဲ့ဒီ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂ ရက်နေ့၊ မနက် အစောပိုင်း ၅ နာရီလောက်ကနေ လုံဂါဇွပ်၊ ကျိန်ခရန်၊ အောင်မြင်သာ စတဲ့ ကျေးရွာတွေ တစ်လျှောက်က လမ်းမပေါ်တွေမှာ လေးယောက်ဝန်းကျင်စီ စုဖွဲ့ပြီး သွားလာနေကြပါတယ်။

ဒါ့အပြင် လမ်းမပေါ် သွားလာနေတဲ့ ပြည်သူတချို့ကိုလည်း တားဆီးစစ်ဆေးတာတွေပါ လုပ်ဆောင်နေကြ တယ်လို့လည်း အထက်ပါဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

လုံဂါဇွပ်ကျေးရွာဘက်မှာလည်း ဒီကနေ့ မနက်အစောပိုင်းကနေ စစ်ကောင်စီတပ်သားတွေ သွားလာနေကြပြီး ဧရာဝတီမြစ်ဘေး ဘက်တွေမှာပါ ရှိနေကြတယ်လို့ လုံဂါဇွပ်ဒေသခံကလည်း အခုလို ပြောပါတယ်။

“တချို့က အထက်ဘက်ကို တက်သွားကြပြီ။ ကားတစ်စီးစာလောက်တော့ ဒီမှာ (လုံဂါဇွပ်ရွာ) ချထားတယ်။ သူတို့ရှိတော့ တောဘက်တွေလည်း မသွားရဲဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေ လမ်းပေါ်သွားလာ လှုပ်ရှားနေကြတဲ့အတွက် ဒေသခံတွေ သွားရေးလာရေး သတိထားနေရပြီး အောက်တိုဘာလ ၂ ရက်နေ့၊ မနက် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အားကိုတော့ ခန့်မှန်းဖို့ခက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...