ပျောက်ဆုံးနေသေးသော အမျိုးသမီးများအပေါ် လေးစားမှု

ပျောက်ဆုံးနေသေးသော အမျိုးသမီးများအပေါ် လေးစားမှု

ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ ယောက်ျားအများစုသည် အမျိုးသမီးများကို ဘုန်းကံနိမ့်သူ၊ ယောက်ျားများထက် တစ်ဆင့်နိမ့်သူ၊ ခွန်အားနည်းသူများအဖြစ် မြင်ကြလေသည်။ ထိုအမြင်များကို လက်ဆင့်ကမ်း ယူဆောင်လာခဲ ့ကြသည်မှာလည်း ယခုအချိန်ထိပင်ဖြစ်သည်။

ထိုကဲ့သို့ အမြင်များကြောင့် ယောက်ကျားအများစုသည် အမျိုးသမီးများကို လေးစားမှုနှင့် ချီးကျူးမှု အားနည်း ကြသည်။ ထိုသို့လေးစားမှု၊ ချီးကျူးမှု မရှိခြင်းကြောင့် ယောက်ျားအချို့သည် အမျိုးသမီးများအပေါ် စော်ကားမှု၊ အကြမ်းဖက်မှုနှင့် နိုင်ထက်စီးနင်းပြုမှုများကို ပြုလုပ်ကြလေသည်။

အမျိုးသမီးများအရေး ကူညီပေးနေသူအချို့၏ ပြောပြချက်အရ ရခိုင်လူမှုပတ်ဝန်းကျင်တွင် အမျိုးသမီးများ သည် အကြောင်းအမျိုးမျိုးနှင့် ယောက်ကျားတို့၏ အကြမ်းဖက်မှုကို ခံနေရကြောင်း သိရသည်။ လူသိများထင်ရှားသည့် အမှုများရှိသလို လူသိများထင်ရှားမှု မရှိသည့် အမှုများလည်း များစွာရှိနေသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်လူမှုပတ်ဝန်းကျင်၌ လင်ယောက်ကျားတစ်ဦးသည် အမျိုးသမီးဖြစ်သူအား လမ်းမပေါ် လူမြင်ကွင်းတွင် ရိုက်ပုတ်ထိုးကြိတ် ဆူဆဲနေသည့် ဗွီဒီယိုဖိုင်တစ်ခု Facebook တွင် ပြန့်ခဲ့ဖူးသည်။

ဆံပင်ကိုဆွဲပြီး ရက်စက်စွာ ရိုက်ပုတ်မှုများလည်း ပါဝင်သည်။ ထိုဗွီဒီယိုဖိုင်တွင် အမျိုးသမီးဖြစ်သူအား လင်ယောက်ကျားမှ စိတ်ရှိလက်ရှိ ထိုးကြိတ်နေသော်လည်း အနီးဝန်းကျင်မှ လူအများစုသည် ဟန့်တားမှုမရှိဘဲ ပြူးကြည့်နေကြသည်ကို တွေ့ရသည်။ အမျိုးသမီးဖြစ်သူကို လေးစားမှု၊ စာနာထောက်ထားမှု လုံးဝမရှိသော လုပ်ရပ်တစ်ခုပင်ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် ထိုကဲ့သို့ အကြမ်းဖက်မှုများနှင့် ကြုံရလျှင် သည်းခံမနေကြဘဲ အမှုဖွင့်တိုင်ကြားကြရန် လိုအပ်ပါမည်။ အမျိုးသမီးအခွင့်အရေးများကို ဆောင်ရွက်ပေးနေသူများနှင့် ဆက်သွယ်ပြီး လုပ်သင့်သည်များကို လုပ်ကြရမည်။ ပတ်ဝန်းကျင်မှ လူများအနေဖြင့်လည်း ဖေးမကူညီပေးရမည်ပင်ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် အရေးတယူမလုပ်ဘဲ လင်မယားကိစ္စဟု ပေါ့ပေါ့ပျက်ပျက်တွေးလိုက်လျှင် ယောက်ျားများသည် အမျိုးသမီးများကို စွမ်းဆောင်နိုင်စွမ်း မရှိသူများဟု အထင်ရောက်ကြပါလိမ့်မည်။ သို့ဆိုလျှင် ထိုကဲ့သို့အမှုများလည်း နောက်ထပ် ရှိလာမည်။ သို့ဖြစ်၍ အရေးယူတိုင်ကြားမှုများ လုပ်ကိုလုပ်ကြရပေမည်။

အုပ်ချုပ်သူအစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ လုံခြုံရေးကို ထည့်တွက်ပြီး ထိုကဲ့သို့သောအမှုများကို အရေးတစိုက် ကူညီဖြေရှင်းပေးရန်နှင့် ထိထိရောက်ရောက် အရေးယူမှုများပြုလုပ်ရန် လိုအပ်ပါမည်။ လူသိရှင်ကြား အပြစ်ကြီးပေးမှုများ လုပ်ကြရန်လည်း လိုအပ်မည်။ သို့မှသာ ရခိုင်လူမှုပတ်ဝန်းကျင်တွင် အမျိုးသမီးများအပေါ် နည်းအမျိုးမျိုးနှင့် အကြမ်းဖက်မှုများ နည်းပါးလာမည်ဖြစ်သည်။

ယခု ကြားနေမြင်နေရသည့် သတင်းများအရ ရခိုင်လူမှုပတ်ဝန်းကျင်၌ အမျိုးသမီးများသည် နည်းမျိုးစုံနှင့် အကြမ်းဖက် ခံနေကြရလေသည်။ ယခုနှစ်များတွင် မုဒိန်းမှုများလည်း သိသိသာသာတိုးလာသည်ဟု ဆိုရမည်။ အမျိုးသမီးများ ရက်စက်စွာ သတ်ဖြတ်ခံရသည့် သတင်းများကလည်း တိုးလာလေသည်။

၂၀၂၀ ပြည့်နှစ်တွင် စစ်တွေမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခု၌ မုန့်လက်ကောက်ရောင်းသည့် အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီး လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုက အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရဖူးသည်။ ၂၀၂၃ ခုနှစ် မတ်လတွင် စစ်တွေမြို့ မင်းဂံ၌ မိန်းကလေးငယ်တစ်ဦး အုပ်စုဖွဲ့မုဒိန်းကျင့် သတ်ဖြတ်ခံရခြင်း ရှိခဲ့သည်။

ထိုနောက်တွင် ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့)ရွာမှာလည်း ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့က မိန်းကလေးငယ်တစ်ဦး အတင်းအဓမ္မပြုကျင့် ခံခဲ့ရလေသည်။

တောင်ကုတ်မြို့တွင်လည်း အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား အက်စစ်ရည်နှင့် ပစ်ခဲ့သောကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ခဲ့လေသည်။

နောက်ဆုံးအနေဖြင့် ရသေ့တောင်မြို့နယ်မှ ကျောင်းဆရာမတစ်ဦး အဓမ္မပြုကျင့်ခံထားရသည်ဟု ယူဆရသော လက္ခဏာများနှင့် လည်လှီးသတ်ဖြတ်ခံရခြင်းသည် အဆိုးဆုံးပင်ဖြစ်သည်။

စစ်တွေ ကမ်းနားလမ်း၌ အမျိုးသမီးများအား အမျိုးသားလူငယ်များမှ မဖွယ်မရာ ပြုလုပ်ပြသည့် ရွံရှာဖွယ် သတင်းများကိုလည်း ပြီးခဲ့သည့်နှစ်များက ကြားခဲ့ရလေသည်။

ထိုအမှုများသည် သတင်းဌာနများသို့ ရောက်ရှိလာပြီး လူသိများထင်ရှားသည့် အမှုများဖြစ်ကြသည်။ လူသိများ ထင်ရှားမှုမရှိသည့် အမှုများလည်း များစွာရှိနေကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများမှ ဆိုကြသည့်အတွက် အလွန်စိုးရိမ်စရာပင်ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းများသည် လူ လူချင်း တန်ဖိုးထားလေးစားမှု မရှိကြသည့် လုပ်ရပ်များကြောင့်ဟု ဆိုရပေမည်။

ပတ်ဝန်းကျင်၌ ပြဿနာကြီးတစ်ခုဖြစ်ပြီဆိုလျှင် ခံရသူအများစုမှာ အမျိုးသမီးများ ဖြစ်နေကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အမျိုးသမီးများကိုလေးစားပြီး တန်ဖိုးထားကြရန် အမှန်လိုအပ်နေပြီပင်ဖြစ်သည်။ အမျိုးသမီးများဘဝ လုံခြုံရေးအတွက် ဒေသန္တရဥပဒေသစ်များ လိုအပ်နေပြီလည်းဖြစ်သည်။

အမျိုးသမီးများအပေါ် ထားရှိသည့် အမြင်များကိုလည်း ပြောင်းလဲကြရမည်။ အမျိုးသမီးများသည် ယောက်ကျားများထက် တစ်ဆင့်နိမ့်သူများ မဟုတ်ကြပေ။ လူ လူချင်း အတူတူပင်ဖြစ်သည်။ အမျိုးသမီးများကို တစ်ဆင့်နိမ့်သူ၊ ဘုန်းကံမကြီးသူ၊ အရာရာကို ယောက်ျားများနည်းတူ မစွမ်းဆောင်နိုင်သူများအဖြစ် မမြင်ကြဘဲ တန်းတူမြင်ကြရန် လိုအပ်ပါမည်။

အမျိုးသမီးများအနေဖြင့်လည်း မိမိတို့၏ဖြစ်တည်မှုကို အမျိုးသမီးဆိုပြီး သိမ်ငယ်သောစိတ်၊ အားငယ်တတ် သော စိတ်များဖြင့် မဖြတ်သန်းဘဲ ရဲရဲဝံ့ဝံ့နှင့် ယုံကြည်မှုရှိရှိ ဖြတ်သန်းကြရန် လိုအပ်မည်။

အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီးတို့၏ လုပ်နိုင်စွမ်းကို ပြသကြရမည်ပင်ဖြစ်သည်။ အမျိုးသမီးတို့ဘဝ လုံခြုံရေးအတွက် ပူးပေါင်းအလုပ်လုပ်ကြရပါလိမ့်မည်။

လူတစ်ဦး၏ အဆင့်အတန်းမြင့်ခြင်းဟူသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် ဆိုင်ခြင်းမဟုတ်သလို ယောက်ကျား ဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနှင့်လည်း မဆိုင်ချေ။ အဆင့်အတန်းဆိုသည်မှာ လူတစ်ဦးက အခြားတစ်ဦးအပေါ် လေးစားမှု၊ စာနာမှု၊ နွေးနွေးထွေးထွေး ဆက်ဆံမှု၊ လူတစ်ဖက်သား၏ ကိုယ်စိတ်နှလုံးကို မနစ်နာမထိခိုက်အောင် ပြောဆိုဆက်ဆံမှု၊ သစ္စာရှိမှုများကို ခေါ်ခြင်းပင်ဖြစ်သည်။

ထိုသို့ စိ‌တ်သဘောထား ရှိသောသူကိုမှ အဆင့်အတန်းမြင့်မားသူ၊ ဘုန်းကြီးသူဟု ဆိုရမည်ပင်ဖြစ်သည်။ ထိုသို့စိတ်သဘောထားများ ကို ယောက်ျားများ၌ တွေ့နိုင်သလို မိန်းမများ၌လည်း တွေ့နိုင်သည်။ သို့ဖြစ်၍ မိန်းမဆိုတိုင်း ဘုန်းကံနိမ့်သူများ ဟု တထစ်ချ အယူအစွဲကို ပယ်ကြရမည်ပင်ဖြစ်သည်။

အမျိုးသမီးများသည် ကျွန်ုပ်တို့ ကမ္ဘာလောကကြီးအတွက် အလွန်အသုံးဝင်ပြီး လူသားမျိုးနွယ် မပျောက်ကွယ် အောင် ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ကျေးဇူးရှင်များပင်ဖြစ်သည်။ တစ်ခါက ကောသလမင်းကြီးသည် ဗုဒ္ဓမြတ်စွာ ဘုရားထံ၌ တရားနာယူရန် ရောက်လာသည် ဆို၏။ ထိုချိန်တွင် မိဖုရားကြီးထံမှ သမီးမိန်းကလေး မွေးဖွားကြောင်း သတင်းရရှိသည့်အခါ စိတ်ညစ်ခြင်းဖြစ်လေသည်။ ထိုအခါ ဘုရားက မင်းကြီး မည်သည့် အတွက်ကြောင့် ဝမ်းနည်းစိတ်ပျက်ခြင်း ဖြစ်ရပါသနည်း။

အချို့ယောက်ကျားများသည် မိန်းမများထက် မြတ်သကဲ့သို့ အချို့မိန်းမများသည် ယောက်ကျားများထက် မြတ်ကြလေသည်။ လောက၌ ယောက်ျား၊မိန်းမ နှစ်မျိုးစလုံး လိုအပ်သည်။ အိမ်တိုင်း၌ သားများသာ မွေးနေပါလျှင် လူ့အဆက် တစ်ဆက်နှစ်ဆက်မှာ လူတစ်ဦးလည်း ကျန်ခဲ့လိမ့်မည် မဟုတ်။

လူသားအမျိုးဇာတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သားများမွေးရန်ထက် သမီးများမွေးဖွားရန် လိုအပ်ပါသည်။ သားများကို မွေးမြူစောင့်ရှောက်ခြင်းထက် သမီးများကို မွေးမြူစောင့်ရှောက်ခြင်းက ကမ္ဘာလောကကြီးကို ပိုပြီးအကျိုးပြုရာ ရောက်လေသည်။ ထိုသို့ အကျိုးပြုခွင့်ကို ရရှိသည့်အတွက် မင်းကြီးအနေဖြင့် အားငယ်ခြင်း၊ စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း လုံးဝမဖြစ်သင့်။ ဤကား သမီးမိန်းကလေးများနှင့်ပတ်သက်ပြီး ဗုဒ္ဓ၏ ဒဿနပင်ဖြစ်သည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း ထိုကဲ့သို့ အတွေးအခေါ်များရှိရန် လိုအပ်နေပြီဖြစ်သည်။ အမျိုးသမီးများကို လေးစားရမှန်းမသိသော လူငယ်၊ လူကြီးများ များပြားလာလျှင် လူ့အဖွဲ့အစည်း၌ အမျိုးသမီးများ၏လုံခြုံရေး သည် စိုးရိမ်စရာဖြစ်လာမည်။

ယခုနှစ်များတွင် စာသင်ကျောင်းများ၌ အသက်ကြီးသော ဘိုးဘွားလူကြီးများအား ရိုသေလေးစား တန်ဖိုးထား တတ်ကြရန် ဆရာ၊ဆရာမများမှ ငယ်ရွယ်သူ ကျောင်းသူကျောင်းသားများအား လေ့ကျင့်ပျိုးထောင် ပေးရမည် ဟု ညွှန်ကြားချက်ရှိလေသည်။

ထိုနည်းတူပင် အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်သူများ မဟုတ်ဘဲ တန်ဖိုးထားလေးစားရ မည့် လူများဖြစ်ကြောင်းကိုလည်း လမ်းညွှန်သင်ပြပေးကြမည်ဆိုလျှင် နောင်အနာဂတ်တွင် အမျိုးသမီးများအား လေးစားမှုမရှိသောလုပ်ရပ်များ နည်းပါးလာမည်ဟု ယုံကြည်မိပါသည်။

မောင်မေယု(ဘူးသီးတောင်) - ရေးသည်

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...