ရွာငံမှ ဖမ်းဆီးခံ အရပ်သား နှစ်ဦး တစ်လ အကြာတွင် ပြန်လည် လွတ်မြောက်

ရွာငံမှ ဖမ်းဆီးခံ အရပ်သား နှစ်ဦး တစ်လ အကြာတွင် ပြန်လည် လွတ်မြောက်
ဓါတ်ပုံ Crd (ပုံစာ-ပြန်လည်လွတ်မြောက်လာသူ နှစ်ဦး)
ဓါတ်ပုံ Crd (ပုံစာ-ပြန်လည်လွတ်မြောက်လာသူ နှစ်ဦး)

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မျှားကလေးကျေးရွာမှ ဖမ်းဆီးထား သည့် အရပ်သား ၂ ဦးကို တစ်လနီးပါးအကြာတွင် မှော်ဘုရင်စစ်ကြောင်းက ပြန်လွှတ်ပေးလိုက်သည်ဟု နီးစပ် သူများက ပြောသည်။

မှော်ဘုရင် စစ်ကြောင်းက ၎င်းတို့ ၂ ဦးအား စစ်ကောင်စီ သတင်းပေး ဒလန် ၂ ဦး ဟုဆိုသော ဦးလှမင်းနှင့် သမက် ဖြစ်သူ ဦးမင်းတေဇတို့အား ဝင်ရောက် ရှင်းလင်းစဉ် တွေ့ရှိခဲ့ပြီးနောက် အဖွဲ့လုံခြုံရေးအတွက် စစ်ဆေးမေးမြန်း ရန် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူမှာ ဦးလှမင်း၏ သမီးဖြစ်သူ အသက် ၂၂ အရွယ် မအိရွှေစင်မင်းနှင့် အိမ်နီးနားချင်း ဖြစ်သည့် အသက် ၃၀ အရွယ် ဦးဆန်းလွင်ထူးတို့ ဖြစ်ပြီး ၂၆ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မှော်ဘုရင် စစ်ကြောင်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ပြည်သူတွေရဲ့ တောင်းဆိုမှုအရ ဦးလှမင်းနဲ့ သား မက်ဖြစ်သူကို ဝင်ရောက် ရှင်းလင်းပေးခဲ့တယ်ပေါ့နော်။ အဲဒီအချိန်မှာ သူ့သမီးဖြစ်တဲ့ သူက ကျနော်တို့ ဝင်လာ တာကို သိသွားတဲ့အတွက် သူ Message တွေ ပို့တယ်ပေါ့နော်။ အဲတာတွေ တွေ့ရတဲ့အတွက် ကျနော်တို့ လုံခြုံ ရေးအရ သူတို့ကို ခေတ္တခဏ ထိန်းသိမ်းဖို့ရာအတွက် ခေါ်လာခဲ့တာပါ။ ဦးလှမင်းနဲ့ သမက်ဖြစ်သူက စကစ သတင်းပေးဆိုတော့ ပြည်သူတွေ လုပ်ငန်းခွင် သွားတာကအစ သူတို့ ဦးဆောင်ပြီးတော့မှ ပြည်သူတွေကို အဲ့ အတွက်လည်း ပြည်သူတွေ တောင်းဆိုမှုကြောင့် ကျနော်တို့ ရှင်းလင်းခဲ့တာပါ” ဟု ပြောသည်။

၎င်းတို့အား ဩဂုတ်လ ၂၃ ရက် ညနေပိုင်း၌ မှော်ဘုရင်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မှော်ဘုရင်စစ်ကြောင်း အနေဖြင့် ၎င်းတို့ ၂ ဦး၏ နေအိမ်အတွင်းမှ သိမ်းဆည်းခဲ့သည့် စာရွက်စာတမ်းများနှင့် ငွေများလည်း အတိအကျ ပြန်လည်အပ်နှံခဲ့ သည်ဟု ဆိုသည်။

ရွာငံမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက “သူ့အဖေနဲ့ သူသူ့ခဲအိုကို သတ်တော့ အဲ့ဒီ ကောင်မလေးကနေ ပြီးတော့မှ ဗီဒီယိုဖိုင် ရိုက်တယ်ဆိုပြီးတော့ ဖမ်းထားတယ်လို့ ကြားတယ်။ ကျနော်တို့ လည်း စုံစမ်းရင်းနဲ့ တော်တော်လေး ရောက်တဲ့အခါကျတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ သိလိုက်တာပေါ့။ ဒါပေမယ့် ကျနော်တို့ လုပ်ထားတာလည်း မဟုတ်တဲ့ အခါကျတော့ အထက်လူတွေပေါ့နော် သူ့ရဲ့ ဆိုင်ရာ ဆိုင်ရာ လူတွေကနေ ပြီးတော့မှ ဖြေရှင်းသွားလိမ့်မယ် ဆိုပြီးတော့ ဘေးကနေ ဝိုင်းပြောကြတာပဲ ရှိတယ်” ဟု ပြော သည်။

၎င်းတို့ ၂ ဦးအား ဖမ်းဆီးထားခဲ့သည့် ကာလများတွင်လည်း မှော်ဘုရင်စစ်ကြောင်း အနေဖြင့် ရိုက်နှက် ဆဲဆိုခြင်း များ ပြုလုပ်ခဲ့ခြင်း မရှိဘဲ လူ့အခွင့်ရေးနှင့်အညီ နေထိုင် စားသောက်ရေးမှအစ လိုလေသေး မရှိအောင် ဆောင် ရွက်ပေးခဲ့သည့်အပြင် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများလည်း အဆင်ပြေသည်အထိ စီစဉ်ပေးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

‌သေဆုံးသူ ဦးလှမင်းနှင့် သမက်ဖြစ်သူအား မှော်ဘုရင်စစ်ကြောင်းမှ စစ်ကောင်စီ သတင်းပေးဟု အတည်ပြု၍ ရှင်းလင်းခဲ့သော်လည်း နီးစပ်သူ ကျေးရွာခံများနှင့် ရွာငံဒေသတွင်း အခြားသော တော်လှန်ရေး တပ်ဖွဲ့များကမူ သတင်းပေး မဟုတ်ကြောင်း ငြင်းဆိုကြသည်။

ဦးလှမင်းနှင့် သားမက်ဖြစ်သူ ဦးမင်းတေဇတို့ ၂ ဦးသည် ယခင် အကြမ်းမဖက် ဆန္ဒပြကာလများတွင် အားတက် သရော ပါဝင်ခဲ့ဖူးပြီး စစ်ကောင်စီနှင့် ပူးနေခြင်းလည်း မရှိခဲ့ဘူးဟု ပြောဆိုထားသည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...