ရခိုင်က ဒေသခံများ တရုတ်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ခွာမှုရှိနေ

ရခိုင်က ဒေသခံများ တရုတ်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ခွာမှုရှိနေ
မူဆယ်မြို့ မန့်ဝိန်းနယ်စပ်ဂိတ်အနီးတွင် TBP ကဒ်ပြား လျှောက်ထားသူများကို ယခုလ ဒုတိယအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Zai Lao Khay/ Facebook
မူဆယ်မြို့ မန့်ဝိန်းနယ်စပ်ဂိတ်အနီးတွင် TBP ကဒ်ပြား လျှောက်ထားသူများကို ယခုလ ဒုတိယအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Zai Lao Khay/ Facebook

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားများ တရုတ်နိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ခွာမှုရှိနေကြသည့် အထဲ၌ ရခိုင်ပြည်အတွင်းက ဒေသခံများလည်း ပါဝင်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်ဖွင့်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ခွင့်ရရှိရန်အတွက် နယ်စပ် ဂိတ်တွင် စောင့်ဆိုင်းနေသည့် ရခိုင်က လူဦးရေထောင်နှင့်ချီရှိနေပြီး တချို့မှာ နယ်စပ်ဖြတ်သန်းခွင့် မရသေး သဖြင့် အခက်ကြုံတွေ့နေရကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တို့ကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် စက်တင်ဘာ ၄ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဂိတ်များတွင် TBP (ခေါ်) ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် ကဒ်ပြားများကို ငွေကျပ် ၂,၀၀၀ ဖြင့် ပြုလုပ်ပေးလျက်ရှိပြီး နေ့စဉ် မြန်မာဘက်ခြမ်းမှ လူဦးရေတစ်ထောင်ကျော်ကို ကဒ်ပြားထုတ်ပေးနေသည်။

စက်တင်ဘာလ ဒုတိယအပတ်တွင် မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာမှ အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၁၅ ဦး၊ စုစုပေါင်း ၃၀ ဦး တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်ထွက်ခွာသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြ အောင်က ပြောသည်။

“တရုတ်နိုင်ငံကို သွားကြတာက ဒီမှာ စီးပွားရေး လုပ်စရာမရှိတော့ ထွက်သွားကြတာဖြစ်တယ်။ အရင်ကလည်း ထွက်တာရှိတယ်။ ဒါမေမဲ့ အခုရက်ပိုင်းမှာ ပိုပြီးမြင်ရတယ်။ ကျနော်တို့ရွာက ၃၀ လောက်ထွက်သွားတယ်” ဟု DMG ကိုပြောသည်။

ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်အနှံ့ကို DMG က မေးမြန်း ချက်အရ ယခုရက်သတ္တပတ်အတွင်း ကျေးရွာများမှ ပျဉ်းမျှ ၁၀ ဦးခန့်မှ ၃၀ ဦးခန့်အထိ အုပ်စုလိုက် ထွက်ခွာမှုရှိ နေကြောင်း ကျေးရွာသားများနှင့် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ထိုသို့ ထွက်ခွာရခြင်းမှာ ရခိုင်တွင် အလုပ်အကိုင်အခွင့်လမ်းများ ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည့်အတွက်ဖြစ်ကြောင်း ပြောဆိုကြသည်။

“ကိုယ့်ရခိုင်ပြည်မှာ တစ်ရက်လုပ်အားခ ဝင်ငွေ ၅,၀၀၀ ကျပ်နဲ့က မိသားစုစားသောက်ဖို့ အဆင်မပြေဘူး။ တရုတ်မှာ တစ်ရက်လုပ်အားခက ရခိုင်မှာ ငါးရက်လုပ်အားခထက် ရတယ်။ မိသားစုလည်း ဖူလုံတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာဒေသခံ ဒေါ်မလှဝင်း ပြောသည်။

ပြည်ပထွက်ခွာကြရာတွင် လမ်းစရိတ်ငွေကြေးများအတွက် အိမ်ခြံမြေများကို အတိုးနှင့်ပေါင်နှံ့ကာ သွားကြသူ များလည်း ရှိနေသည်။

ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်းဒေသခံများမှာလည်း ယခုရက်ပိုင်းတွင် ပြည်ပသို့ထွက်ခွာမှု များပြားလာနေ ကြောင်း ဆိုသည်။ ကျောက်ကြီးပြင်ကျေးရွာတွင်လည်း ယခုလအတွင်း လူ ၂၀ ထက်မနည်း ထွက်ခွာသွား ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစနေဖြူက ပြောသည်။

“အသက်အရွယ် ငယ်တဲ့သူတွေ၊ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ အများစုသွားကြတယ်။ မိဘတွေ ဆင်းရဲကြတော့ ကုန်ဈေးနှုန်းမြင့်တာတွေနဲ့ အခြားမိသားစုဝင်တွေ ပညာရေးအတွက် သွားကြတာမြင်ရတယ်။ တချို့ကလည်း ငွေ ထည့်ပေးတော့ နည်းနည်းပါးပါး အဆင်ပြေတော့ သွားကြတာပါ” ဟု ဦးစနေဖြူက ဆိုသည်။

ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မိမိဒေသကိုစွန့်ခွာကာ ပြည်ပသို့ထွက်ခွာသူဦးရေ လစဉ်တိုးလာ နေ ပြီး ယင်းအထဲမှာ အမျိုးသမီးများလည်း ပါဝင်နေသည်။

ရခိုင်ဒေသခံများမှာ အများအားဖြင့် မလေးရှား၊ ထိုင်းနှင့် အခြားနိုင်ငံများသို့ ထွက်ကြပြီး ယခုအချိန်တွင် တရုတ် နိုင်ငံများသို့ ထွက်ခွာမှုမှာလည်း မြင့်တက်လာနေကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

Most read this week

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...