စက်လှေပေါ်တွင် ဖမ်းမိသော ရိုဟင်ဂျာ ၇၂ ဦးကို ထောင်ဒဏ်များချမှတ်

စက်လှေပေါ်တွင် ဖမ်းမိသော ရိုဟင်ဂျာ ၇၂ ဦးကို ထောင်ဒဏ်များချမှတ်

ဧရာဝတီတိုင်း အနီးက ပင်လယ်ပြင်တွင် စက်ပျက်နေသော စက်လှေပေါ်က ဖမ်းမိသည့် ရိုဟင်ဂျာ ၇၂ ဦး ကို  လပွတ္တာခရိုင် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချလိုက်သည်။

စက်ပျက်နေသော စက်လှေပေါ်က ရိုဟင်ဂျာ အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၅ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“သူတို့က မြန်မာ နိုင်ငံသားတွေ မဟုတ်ဘူး။ တဖက်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို အခွင့်မရှိ ခိုးဝင်လာတာမို့ လဝက ဥပဒေပုဒ်မနဲ့ တရားစွဲပြီး အပြစ်ပေးလိုက်တာ” ဟု တရားရေးဌာန ဝန်ထမ်းတစ်ဦး က ပြောသည်။

ပြီးခဲ့သော ဩဂုတ်လ ပထမပတ်အတွင်းက လပွတ္တာမြို့နယ်၊ ပြင်စလူမြို့ ဒေသအတွင်းရှိ ကိုင်းသောင်ကျေးရွာ နှင့် (၄) မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်ပျက်၍ ကျောက်ချရပ်နားနေသည့် စက်လှေပေါ် က ဖမ်းမိသော  ရိုဟင်ဂျာ ၇၂ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့က အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ထိုရိုဟင်ဂျာ ၇၂ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက်အတွင်းမှ တွေ့ရှိ ဖမ်းဆီးမိခြင်းကြောင့် အမျိုးသား မှတ်ပုံတင်နှင့် လူဝန်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆၃-က နှင့် အရေးယူလိုက်ခြင်းဖြစ်သည် ဟု တရားရေးဝန်ထမ်းက ဆက် ပြောသည်။

ဧရာဝတီ မြန်မာ - မွတ်စလင်မ် ကွန်ရက်အဖွဲ့ဝင် ကိုကာဆင်က ယခုဖမ်းမိထားသော ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်သော်လည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် မလေးရှားနိုင်ငံကို သွားစဥ် စက်လှေ စက် ပျက်သဖြင့် ကျောက်ချရပ်နား ပြင်ဆင်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းကို ဝင်ရောက်ရန် လာခြင်း မဟုတ် ဘူး ဟု ပြောသည်။

ကိုကာဆင်က “စက်ပျက်လို့ ပင်လယ်ထဲ ဒုက္ခ ရောက်နေတာ ၅ ရက် ရှိနေတဲ့ ဒုက္ခ‌သည်တွေကို အကူအညီ မပေး တဲ့အပြင် ဖမ်းတဲ့သူတွေက ပါလာတဲ့ ပစ္စည်းတွေ ယူထားပြီး လူတွေကို တရားရုံးက ထောင်ချလိုက်တယ်“ ဟု ပြောသည်။

စက်ပျက်နေသော စက်လှေပေါ် က ဖမ်းဆီးခဲ့သော ရိုဟင်ဂျာ ၇၂ ဦးထံက လက်ကိုင်ဖုန်းများနှင့် ငွေကြေးများကို ဖမ်းဆီးသည့် အဖွဲ့က သိမ်းဆည်းခဲ့သော်လည်း သက်သေခံပစ္စည်းအဖြစ် ရုံးတော်ကို တင်ပြအပ်နှံခြင်း မရှိဘူး ဟု ဆိုသည်။

ရိုဟင်ဂျာများ လိုက်ပါလာသော ကားအင်ဂျင်စက် ၄ လုံး တပ်မောင်းနှင်ပြီး အလျားပေ ၆၀ ကျော် ဝန်းကျင်ရှိ သစ်သားကိုယ်ထည် စက်လှေတစ်စီး နှင်ံ့ ရိုဟင်ဂျာများထံမှ ဖုန်းနှင့် ငွေကြေးများကို စစ်ကောင်စီပူးပေါင်း တပ်ဖွဲ့ က သိမ်းယူထားသည်ဟု ဒေသခံ မွတ်စလင်မ် ဘာသာဝင် အချို့က ပြောသည်။

အဆိုပါ ရိုဟင်ဂျာ ၇၂ ဦး ကို လပွတ္တာမြို့နယ်၊ ပြင်စလူမြို့ ဒေသအတွင်းရှိ ကိုင်းသောင်ကျေးရွာ နှင့် (၄) မိုင် ခန့် အကွာ ပင်လယ်ပြင်တွင် စက်ပျက်၍ ကျောက်ချရပ်နားနေသော စက်လှေပေါ် မှ စစ်ကောင်စီ၏ ပင်လယ်ပြင် စိုးမိုးရေးတပ်၊ ရေတပ် နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ က ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က သာပေါင်းမြို့နယ် မကျီးဇင် - ကြက်သွန်ကွင်း ကားလမ်းတွင် ရိုဟင်ဂျာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး၊ ဩဂုတ်လ ၂၃ ရက်နေ့က ကြံခင်းမြို့နယ် ပုသိမ် - မုံရွာ ကား လမ်းတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၆ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည် ဟု ဒေသခံများက ဆိုသည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...