ရခိုင်သဘာ၀ဓာတ်ငွေ့ တရုတ်သို့ တင်ပို့မှု ၈ လအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိထား

ရခိုင်သဘာ၀ဓာတ်ငွေ့ တရုတ်သို့ တင်ပို့မှု ၈ လအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိထား
မဒေးကျွန်းရှိ တရုတ်စီမံကိန်းနှင့် ကျွန်းပေါ်မှ ဒေသခံပြည်သူ
မဒေးကျွန်းရှိ တရုတ်စီမံကိန်းနှင့် ကျွန်းပေါ်မှ ဒေသခံပြည်သူ

ရခိုင်ကထွက်သည့် သဘာ၀ဓာတ်ငွေ့များ တရုတ်ကို တင်ပို့မှုကြောင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လ အတွင်း မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၉၉၃ ဒဿမ ၉၄ သန်း ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အချက်အလက်များအရ သိရှိရသည်။

ယခုနှစ် ၈ လအတွင်း တင်ပို့ခဲ့သည့်  ဒေါ်လာ ၁ ဘီလီယံနီးပါး ပမာဏမှာ  ပြီးခဲ့သည့် ကာလတူနှင့်  နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း (GACC) ၏ စာရင်းများအရသိရှိရသည်။

အဆိုပါ ဓာတ်ငွေ့များကို ရခိုင်မှ တူးဖော်ပြီး မကွေး၊ မန္တလေးနှင့်  ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားထားသော တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ ပို့လွှတ်ရောင်း ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာလအတွင်း ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံထံ ဓာတ်ငွေ့တင်ပို့မှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံများ အထဲတွင် မြန်မာနိုင်ငံသည် တတိယအများဆုံး တင်ပို့သူအဖြစ် ရှိနေသည်။

GACC ၏ အချက်အလက်များ အရ ၁၀ နှစ်အတွင်း မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့သည်။

ဓာတ်ငွေ့ ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေပြီး မြန်မာ၊ တရုတ်အပါအဝင် ကိုရီးယား၊ အိန္ဒိယ လေးနိုင်ငံ ပူပေါင်းဖော်ဆောင်သည့်  စီမံကိန်းဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့် အသုံးပြုခဲ့ သည်။

ပိုက်လိုင်းစီမံကိန်းတွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ (၇ ဒဿမ ၃၆) ရာခိုင် နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အစုရှယ်ယာရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည် ရရှိမှုက ၁၆၅ ရာခိုင်နှုန်း ရှိခဲ့သည်ဟုဆိုသည်။

ထိုကဲ့သို့ ရခိုင်က ထွက်ရှိသော သဘာ၀ဓာတ်ငွေ့များကို တင်ပို့၍ နိုင်ငံခြားဝင်ငွေအများအပြား ရရှိနေသော် လည်း ရခိုင်ဒေသခံများမှာ ဆင်းရဲမွဲတည်နေပြီး မငတ်ရုံတမယ် စားသောက် ရုန်းကန်လှုပ်ရှား နေကြရသည်ဟု သဘာ၀သယံဇာတ အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူများမှာလည်း အဆိုပါ စီမံကိန်းကြောင့် လယ်ယာမြေများရှုံးခဲ့ရသည် သာမက လက်ရှိတွင် အလုပ်လက်မဲ့ ဘ၀ဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုဆင်းရဲလာကြရသည်ဟု ကျွန်းပေါ်နေ ဒေသခံများက ပြောသည်။

မဒေးကျွန်းပေါ်တွင် ရွာမ၊ ပြိန်၊ ကျောက်တန်းနှင့် ပန်းထိမ်ဆည်စသည့် ရွာလေးရွာတည်ရှိပြီး လူဦးရေ ၃,၀၀၀ ခန့် နေထိုင်ကာ တစ်ရွာနှင့် တစ်ရွာမှာ မိုင်အနည်းငယ်သာ ကွာဝေးသော်လည်း ရွာချင်းဆက် လမ်းများကိုလည်း ပြုပြင်ပေးမှု မရှိကြောင်း  ဒေသခံများက ပြောဆိုသည်။

မဒေးကျွန်း ပြိန်ကျေးရွာမှ ကိုဝေယံက “လမ်းတွေက အရမ်းပျက်စီးနေပါတယ်။ တောင်ကုန်းလို နေရာဆိုလို့ရှိ ရင် အဲ့လမ်းမှာခင်းထားတဲ့ကျောက်တွေ ပြိုကျတာတွေရှိတယ်။ ဖြတ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ကျနော်တို့က ရွာကလူတွေအဆင်ပြေအောင် လမ်းကို ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်” ဟုပြောသည်။

အဆိုပါ စီမံကိန်းကို မစတင်မီက မဒေးကျွန်းဒေသခံများ တရုတ်စီမံကိန်း များတွင် အလုပ်အကိုင်ရရှိရေး၊  သွား လာရေးလွယ်ကူစေရန် အတွက် ရွာချင်းဆက်လမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ပေးရေး၊ လျှပ်စစ်မီးရရှိရေး  စသည့်အချက်များကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တရုတ်အမျိုးသား ရေနံကော် ပိုရေးရှင်း (CNPC) က ကတိခံထားသော်လည်း ယခုအချိန်ထိ ဒေသခံများ အလုပ် ရရှိမှုမရှိသလို လမ်းများကို ကောင်းမွန်စွာ ဖောက်လုပ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

Ref: BETV Business News

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...