ဖောင်တော်ဦး ဘုရားပွဲ အကျဉ်းချုံး ကျင်းပစေလိုကြောင်း ဒေသခံများပြော

ဖောင်တော်ဦး ဘုရားပွဲ အကျဉ်းချုံး ကျင်းပစေလိုကြောင်း ဒေသခံများပြော

အောက်တိုဘာလအတွင်း အင်းလေး ဖောင်တော်ဦး ဒေသစာရီကြွချီ ပူဇော်ပွဲကို ကျင်းပရန် စစ်ကောင်စီနှင့် ၎င်း တို့အား ထောက်ခံသူများက စီစဉ်လျှက်ရှိရာ လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ထိုပွဲကိုအကျဉ်းချုံးပြီး သာ ကျင်းပစေချင်သည်ဟု ဒေသခံများနှင့် ဒေသတွင်းရှိတော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးမှာ အရပ်သား အချိုနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM ဝန် ထမ်းများ ဖမ်းဆီးခံထားရသည့်အပြင် အင်းလေး ပြည့်သူ့ကာကွယ်ရေးတပ် (IPDF) အနေဖြင့်လည်း ကရင်နီ ပြည်နယ်ထဲ တိုက်ပွဲဝင်နေသောကြောင့် စစ်ကောင်စီက ကျင်းပမည့် ပွဲတော်ကို ခမ်းခမ်းနားနား မပြုလုပ်ကြဖို့ တောင်းဆိုမှုများ ရှိနေသည်။

အင်းလေးက IPDF ပြန်ကြားရေး တာဝန်ခံ “ဘာသာရေး ပွဲတော် ဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ ဟန့်တားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဘာသာရေး ပွဲတော်သည် အင်းလေးတစ်ခွင်ပဲ ဖြစ်နေတာ မဟုတ်ဘူးပေါ့။ မြန်မာ တစ် နိုင်ငံလုံးမှာ လူတော်တော်များများ ဒီယုံ ကြည် ကိုးကွယ်ရာ ဘာသာရေးပွဲတွေ ရှိတယ်။ သို့သော်ငြားလည်း အကျယ်တဝင့် မလုပ်ဘူးဆိုတဲ့ အနေအထား ကို မြင်တွေ့စေချင်တယ်ပေါ့။ နောက်ပြီးတော့ ဒီအင်းလေးပွဲကို ၃ နှစ်တာ ရပ်ဆိုင်းထားတဲ့ဟာကို သူတို့က အကြောင်းပြတယ်။ ဒါဟာ အင်းပြည်သူတွေ ဦးဆောင်ပြီး လုပ်တဲ့ ပွဲ ဆိုရင် ကျနော်တို့ အနေနဲ့ ကျယ်ကျယ် ဝင့် ဝင့် မပြောလိုဘူးပေါ့။ သို့သော်ငြားလည်း စစ်ကောင်စီက သူတို့ရဲ့ ဦး ဆောင်လုပ်တဲ့ပွဲမှာ ဒီအင်းသား လူထုတွေ သည် မပါဝင်မနေရဆိုတဲ့ အနေအထားမှာ ဖြစ်နေတာတော့ စိတ် မကောင်းဘူးပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလအတွင်း ကျင်းပ မည့် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲကို စစ်ကောင်စီနှင့် ၎င်းတို့အား ထောက်ခံသော လူတစ်စုက ကျင်းပရန် စီစဉ်နေသည်ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပြောသည်။

COVID-19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှု ဖြစ်စဉ်တို့ကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရသော ဒေသစာရီ ကြွချီ ပူဇော်ပွဲတော်ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာဝန်ကြီး၊ စစ်တိုင်းမှူး၊ ရဲ၊ ဌာနဆိုင်ရာ အရာရှိများနှင့် ၎င်းတို့အား ထောက်ခံသော လူတစ်စုက ပြန်လည်ကျင်းပရန် စည်းဝေး ခေါ်ပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် အင်းလေးဒေသက ကျေးရွာများထဲ ဘုရားဆွဲလှေများ တစ်ရွာကို တစ်စီးနှုန်းထွက်ကြဖို့နှင့် အိမ်တိုင်း လိုလို အပြင်ထွက်ပြီး ပါဝင်ဆင်နွှဲကြရန် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေမှူးများမှ တစ်ဆင့် ဖိအားပေး ခိုင်းစေထားသည်ဟု ဆိုသည်။

လက်ရှိ အင်းလေး ဒေသက အခြေအနေနှင့် ပတ်သက်ပြီး Justice Movement for Community-Innlay အဖွဲ့အစည်း တည်ထောင်သူ ဒေါ်ယုလှိုင်သင်းက ယခုကဲ့သို့ ပြောသည်။

“စစ်ကောင်စီတပ်တွေက နေ့စဉ် နဲ့ အမျှ အိမ်တွေကို ဝင်တယ်။ ဖျက်ဆီးတယ်။ အင်းသားတွေကို ဖမ်းခေါ်သွား တယ်။ မတရားပုဒ်မ တပ်တယ် ပြီးလို့ ရှိရင် ထောင်ချတယ်။ တချို့ဆိုရင် ဘယ်ခေါ်သွားသလဲ၊ ဘယ်ရောက်နေ လဲတောင် သိခွင့်မရဘဲ အစအန ပျောက်နေတာတွေလည်း အများကြီး ရှိတယ်။ ဒီလိုလူမျိုးတွေက တော်လှန် ရေးပြီးမှ အိမ်ပြန်နိုင်မယ့် အနေ အထားတွေ လေ။ ဒါကြောင့်မို့ ဒီလို အခြေအနေမျိုးမှာ ရိုးရာပွဲကို ပျောက် ကွယ်သွားမှာ စိတ်ပူပြီးတော့မှ ဒီဇော နဲ့ ရိုးရာပွဲတော် ကျင်းပမယ်ဆိုတာက ကျွန်မတို့ရဲ့ အမြင်အရ လုံးဝကို ဟာသပေါ့ နော်။ ဒါက အကြောင်းပြချက် ပေးနေတာ ဆင်ခြေတစ်ခုပဲ။ သေရေးရှင်ရေးထက် ဘယ်ဟာက ပို ပြီး အရေးကြီး လဲပေါ့နော်။”

ဒေစာရီကြွချီပူဇော်ပွဲ မကျင်းပဖြစ်ခဲ့သော ၃ နှစ်တာကာလအတွင်း ခရီးသွားများ လျော့နည်းလာသည်နှင့် အမျှ အင်းလေးဒေသထဲက ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ ရိုးရာလက်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် လုပ်ငန်းရှင် အချို့က ပွဲတော်ကို ပြန်ကျင်းပရန် ဆန္ဒရှိနေကြသည်။

ဒေသစာရီ ကြွချီအပူဇော်ပွဲကို အောက်တိုဘာ ၁၅ ရက်နေ့ (သီတင်းကျွတ်လဆန်း ၁ ရက်နေ့)တွင် အင်းလေး ဒေသ အတွင်းရှိ ၂၁ ဌာနကို စတင် ကြွချီပြီးနောက် ၁၇ ရက်အကြာ နိုဝင်ဘာလ ၁ ရက်နေ့ (သီတင်းကျွတ် လဆုတ် ၃ ရက်နေ့)တွင် ဖောင်တော်ဦး ရတနာစံကျောင်းတော်ကို ပြန်လည်ဆိုက်ရောက်ပြီး ပွဲတော်ပြီးဆုံးမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များက ဆိုသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...