“လက်ရှိ စစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ အာဏာရှင်တွေအတွက် ဖြစ်နေတယ်”

“လက်ရှိ စစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ အာဏာရှင်တွေအတွက် ဖြစ်နေတယ်”

သြဂုတ် ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင် ကျင်းပခဲ့ သည်။ အဆိုပါပွဲသို့ တက်ရောက်ခဲ့မှုဖြင့် ရခိုင်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်။

အဆိုပါအမှုတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများလည်း ပါဝင်နေသဖြင့် လက်ရှိတွင် သမဂ္ဂတာဝန်ရှိသူများမှာ တိမ်းရှောင်နေကြရသည်။ ယင်းအခြေအနေများ အပါအဝင် လက်ရှိ ရခိုင်ပြည်အတွင်းက လူငယ်များ၏ အခြေအနေများနှင့် ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုဦးသန်းနိုင်ကို DMG က ဆက်သွယ်မေးမြန်းထားသည်။

မေး      -           အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ပထမဆုံး သိပါရစေ။

ဖြေ       -           အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ကျောင်းသားသမဂ္ဂ ရုံးခန်းတွေ ပိတ်သိမ်းခံရတယ်။ ဆိုတော့ အရင် တုန်းကလို ကျောင်းလိုအပ်ချက်တွေ၊ တခြားကျောင်းသားတွေနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့ဘူး။ အပြင်မှာရုံးစိုက်ပြီးတော့ မဟာမိတ်အဖွဲ့တွေနဲ့စုပေါင်းပြီး ကျောင်းသားတွေရဲ့အရေးကို ဆောင်ရွက်နေတာတွေရှိတယ်။ မုန်တိုင်း ကြောင့် ပျက်စီး၊ ထိခိုက်သွားတဲ့ ပြည်သူတွေကို ကူညီပေးနေတာ၊ မွတ်ဆလင်ကျောင်းသားတွေ၊ မြိုကျောင်းသားတွေနဲ့ ပူးပေါင်း ပြီး ဒုက္ခရောက်နေကြတဲ့သူတွေကို သွားရောက်ထောက်ပံ့ပေးခဲ့တာတွေရှိတယ်။ နောက်တစ်ခုက ကမန်ကျောင်းသားတွေ ကျောင်း တက်ခွင့် မရရှိတာနဲ့ပတ်သက်လို့ ကမန်ပါတီက လူတွေနဲ့ပူးပေါင်းပြီး ကျောင်းတက်ခွင့်ရရှိရေး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

မေး      -           (၅၆)နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားနဲ့ပတ်သက်လို့ သဘောထား ထုတ်ပြန် တာကိုလည်း ရှင်းပြပေးပါ။

ဖြေ       -           ပထမတစ်ချက်ကတော့ ၁၃ သြဂုတ်နေ့မှာ (၅၆) နှစ်ပြည့် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်တယ်။ စစ်တွေမှာရှိတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရုံးမှာ လုပ်ခဲ့တယ်။ ကျောင်းသား/သူ ၂၅ ယောက်နဲ့ စလုပ်ခဲ့တယ်။ အဲဒီထဲမှာ အစီအစဉ် ၃ ခု ပါဝင်တယ်။ ပထမတော့ ဆုတောင်းမေတ္တာ ပို့သတာ၊ တက်‌ရောက်လာတဲ့ ဒေါ်ညိုအေးက အရင် အချိန် တုန်းက သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြတယ်။ ကျောင်းသား/သူတွေထဲက ကဗျာရွတ်ဆိုတာတွေ လုပ်ဆောင်ခဲ့ တယ်။ အစီအစဉ် ၃ ခု လုပ်ဆောင်ခဲ့တယ်။ ဆိုတော့ သြဂုတ် ၁၅ ရက်နေ့မှာ ဒေါ်ညိုအေးအိမ်ကို ရဲအင်အား ၁၀ ကျော်နဲ့ လာ ရောက်ဖမ်းဆီးခဲ့တယ်။ အဓိကတော့ ဒေါ်ညိုအေး ဖမ်းဆီးခံရတဲ့အပေါ်မှာ၊ ပွဲကျင်းပတဲ့ ကျောင်းသားတွေကို ဖမ်းဝရမ်းထုတ်တဲ့ အပေါ်မှာ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

မေး      -           ဖမ်းဝရမ်းထုတ်ခံရတဲ့ ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ လက်ရှိအခြေအနေကိုလည်း သိပါရစေ။

ဖြေ       -           အဓိကတော့ သြဂုတ် ၁၅ ရက်နေ့မှာ ဒေါ်ညိုအေးကို ဖမ်းဆီးတယ်။ ကျနော်တို့ကို ဖမ်းဝရမ်း ထုတ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီရုံးစိုက်တဲ့ နေရာနဲ့ဝေးတဲ့ နေရာမှာ ကျနော်တို့ ရောက်နေပါတယ်။

မေး      -           အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ       -           ရခိုင်ပြည်မှာက ဒေါ်ညိုအေးလို့ မဟုတ်ဘူး။  တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကာလတုန်းကဆိုရင်လည်း အပြစ်မရှိတဲ့ အရပ်သားတွေကို ဖမ်းဆီးအရေးယူခံရတယ်။ အခုလည်း ၁၃ သြဂုတ်နေ့ကို သူ့အနေနဲ့ တက်ရောက်လာခဲ့တယ်။ ပွဲတက်ရောက် တာပဲ ရှိတယ်။ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ ကိစ္စတွေကို ပြောဆိုတာလည်း မရှိဘူး။ လွန်ခဲ့တဲ့ ကာလတုန်းက ဒီလိုနေ့ တစ်နေ့ ရှိခဲ့တယ်။ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြတာပဲရှိတယ်။ လူငယ်တွေကို နိုင်ငံရေးလုပ်ရမယ် ဆိုပြီးလည်း ပြောခဲ့တာ မရှိဘူး။ ပွဲတက်ရောက်ရုံနဲ့ တရားစွဲဆိုတယ်ဆိုတာက သက်သက်ကို အပုတ်ချတာ။ ဆိုတော့ ဘာမဟုတ်တာလေးနဲ့ ဖမ်းဆီးတယ်ဆိုတာက အနာမှာ တုတ်ကျတယ်လို့ပဲ ကျနော်တို့ ပြောချင်တယ်။ ဒါကြောင့်လည်း သက်သက် အငြိုးနဲ့လုပ်တာလို့ သုံးသပ်ပါတယ်။

မေး      -           လက်ရှိ ရခိုင်ပြည်ရဲ့ တရားစီရင်ရေးအပေါ်မှာ မေးခွန်းထုတ်ထားတာကိုလည်း တွေ့ရတယ်။ အုဒါကိုလည်း ရှင်းပြပေးပါ။

ဖြေ       -           လွန်ခဲ့တဲ့ ကာလဖြစ်တဲ့ ၂၀၂၀ က ဆိုရင်လည်း ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ လူထုလှုပ်ရှားဆောင်ရွက်မှု အများကြီး လုပ်ဆောင်ခဲ့တယ်။ ဒီလိုလုပ်လို့ဆိုပြီး ၅၀၅ (ခ)နဲ့ ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ နှစ်အကြာကြီး ဖမ်းဆီးချုပ် နှောင်ထားခဲ့တာ။ ရုံးထုတ်လိုက်၊ ရမန်ပေးလိုက်နဲ့ အချိန်တွေ ကြန့်ကြာအောင်လုပ်တယ်။ သေသေချာချာ ဘာမှမလုပ်ဘူး။ တရား လိုဘက်က သက်သေခေါ်ရင်လည်း မလာကြဘူး။ ရှင်းရှင်းပြောရရင် ပြည်သူလူထု ယုံကြည်အောင် မလုပ်နိုင်ဘူး။ အဲဒါကြောင့် လက်ရှိ စစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရားစီရင်ရေးဟာ ပြည် သူတွေအတွက် ရပ်တည်တယ်ဆိုရင်တော့ လက်ရှိ ကျနော်တို့ကို တရားစွဲဆိုမယ့်ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ လာရောက်ပြီး တရားရင်ဆိုင်မယ်။ အာဏာတစ်ဖက်တည်းကိုကြည့်ပြီး တရားစီရင်နေမယ်ဆိုရင်တော့ အဖမ်း မခံနိုင်ဘူး။

မေး      -           စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်အတွင်းမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက ဘာတွေဖြစ်နေမလဲ။

ဖြေ       -           ရခိုင်ပြည်ရဲ့ လူငယ်ကဏ္ဍက ဆုတ်ယုတ်လာတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေဆိုရင်လည်း နှောင့်နှေးသွားတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုရင်တော့ တက္ကသိုလ်မှာရှိတဲ့ သမဂ္ဂရုံးတွေ ပိတ်သိမ်းခံလိုက်ရတယ်။ တက်ကြွလှုပ်ရှားသူတွေ ဆိုရင်လည်း ဖမ်းဆီးအရေးယူခံရတယ်။ နောက်ပိုင်းမှာ လူငယ်တွေရဲ့ အသံဟာ တဖြည်းဖြည်း မှေးမှိန် လာတယ်။ ဒါပေမဲ့ ကျနော်တို့ ကျောင်းသားသမဂ္ဂကတော့ ကျနော်တို့ရဲ့ ဆောင်ပုဒ်အတိုင်း အမြဲတမ်း ပြည်သူတွေအတွက် ရှိရ မယ်။ စစ်ကောင်စီက ဘယ်လောက်ပဲ နှိပ်ကွပ်နေပါစေ ကျနော်တို့အနေနဲ့ ဘယ်တော့အခါမှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

မေး      -           နောက်ဆုံးအနေနဲ့ လက်ရှိ ရက္ခိုင်ပြည်အတွင်းက လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

ဖြေ       -           ရခိုင်လူထုကို ကျောင်းသားသမဂ္ဂအနေနဲ့ တိုက်တွန်းချင်တာက လက်ရှိ အစိုးရ(စစ်ကောင်စီ)ရဲ့ တရားစီရင်ရေး ဟာ ပြည်သူလူထုအတွက် မဟုတ်ဘဲ အာဏာရှင်တွေအတွက် ဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ကျောင်းသား/သူ တွေဟာ နှစ်ကြိမ်တောင် ခံထားရပြီ။ အရင်ကလည်း အရပ်သားအစိုးရ တစ်ပိုင်း၊ စစ်အစိုးရ တစ်ပိုင်းကာလမှာတောင် တရားစီရင် ရေးဟာ ကျနော်တို့ ပြည်သူလူထုကို ကျေနပ်လောက်အောင်ထိ စွမ်းဆောင်နိုင်တာ မရှိခဲ့ဘူး။

Most read this week

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...