ခမရ (၅၃၀) တပ်သားတစ်ဦး သေနတ်နှစ်လက်ယူဆောင်ပြီး KNDF ထံခိုလှုံ

ခမရ (၅၃၀) တပ်သားတစ်ဦး သေနတ်နှစ်လက်ယူဆောင်ပြီး KNDF ထံခိုလှုံ

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်က အသက် ၁၉ နှစ်အရွယ် တပ်သားတစ်ဦးဟာ သေနတ်နှစ်လက်ယူဆောင်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) ထံ ခိုလှုံလာတယ်လို့ KNDF တပ်ရင်း (၂)က ရုပ်သံမှတ်တမ်းနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လာ ပါတယ်။

အဆိုပါတပ်သားမှာ စိုင်းပြည့်စုံဖြိုးဝေ ဖြစ်ပြီး ကချင်ပြည်နယ်ဇာတိဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တပ်သား စုဆောင်းရေးကြောင့် စစ်တပ်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

စိုင်းပြည့်စုံဖြိုးဝေက “ကျေနပ်တာပေါ့ စစ်တပ်ထဲက ထွက်ခဲ့ပြီးတော့မှ CDM ထဲဝင်လာတာ။ အဲ့မှာက ကျဉ်းကြပ်တယ် အကျယ်ချုပ်လိုထားတာပေါ့ သူတို့က။ ဒီမှာက ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားချင်တဲ့နေရာသွားလို့ရတယ်။ ဟိုမှာက သူတို့ခိုင်းမှာ ဟိုသွားဆို သွားလိုက် အဲ့လိုနေရခါကျတော့ ကျဉ်းကြပ် တာပေါ့” လို့ ပြောဆိုထားပါတယ်။

စစ်တပ်ထဲမဝင်ခင် ကြုံရာကျပန်းပဲ လုပ်ကိုင်တာကြောင့် အဆင်မပြေတော့တဲ့အတွက် ပိုက်ဆံပေးမယ်လို့ ပြောဆိုတာကြောင့် စစ်တပ်ထဲရောက်ရှိသွားတယ်လို့ ထုတ်ပြန်ထားတဲ့ မှတ်တမ်းမှာ ပြောဆိုထားပါတယ်။

“အိမ်မှာက အဆင်မပြေတော့ သူတို့က ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ခေါ်တော့ဝင်ဖြစ်သွားတာပေါ့။ သင်တန်းကျတော့ သေနတ်တွေပစ်ရမယ်။ လေယာဉ်ပျံစီးရမယ်ဆိုပြီး ကိုယ်ဝါသနာပါတဲ့ သေနတ်ပစ်ချင်တာနဲ့ လေယာဉ်ပျံစီးချင်တာနဲ့ အဲ့နှစ်ခုသွားတိုက်ဆိုင်တော့ ဝင်ဖြစ်သွားတာ။ အလုပ်တွေတအားခိုင်းတယ် ပင်ပန်းတဲ့ ဟာတွေဆိုတော့ လူက ခံနိုင်ရည်မရှိခါကျတော့ ဖြေရှင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်က ရဲဘော်အဆင့်ပဲ ဆိုတော့ မပြောနိုင်ဘူး။ ပြောရင် ကိုယ်ဖက်ကပဲ မှားတာဆိုတော့” လို့ စိုင်းပြည့်စုံဖြိုးဝေက ပြောပါတယ်။

စစ်တပ်ထဲရောက်ရှိပြီး ၆လသင်တန်းတက်ရောက်ခဲ့ကြောင်း၊ လက်ရှိမှာ တပ်သားတာဝန်ထမ်းဆောင်တာ ၅လရှိပြီလို့ ဆိုပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်းမှာ ကင်းစောင့် တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ် နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော်ယူဆောင်ပြီး ထွက်ပြေးလာခဲ့ တယ်လို့ ဆိုပါတယ်။

စစ်တပ်ထဲ တာဝန်ထမ်းဆောင်စဉ်က အဆမတန်ခံစားရတဲ့ ကျဉ်းကြပ်မှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ပင်ပန်းမှုဒဏ်ကို မခံစားနိုင်တော့တဲ့အတွက် ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်သူ့ရင်ခွင်ကို စိုင်းပြည့်စုံဖြိုးဝေ ရောက်ရှိသွားပြီလို့ KNDF တပ်ရင်း (၂) က အသိပေးထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေ အတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်ထားတာ ရှိနေပါတယ်။

ဓါတ်ပုံ- KNDF တပ်ရင်း(၂)

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...