နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် JFM တောင်းဆို

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် JFM တောင်းဆို

နေပြည်တော်တွင် လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီလေတပ် ကာကွယ်ရေး ဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ပြည်သူများအပေါ် အကြမ်းဖက် စစ်ဆင်ရေးတရပ်ဆင်နွှဲကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး နွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိ ကျူးလွန်နေချိန်တွင် မြန်မာစစ်အုပ်စု၏ ကြည်းတပ်၊ လေတပ်၊ ရေတပ်တို့အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီမှုများ ဆက်လက် လုပ်ဆောင်နေမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း JFM က ထုတ်ပြန်သည်။

“အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ် စုနဲ့ စစ်ဘက်၊ ရဲဘက် ထိတွေ့ ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာ စိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာဖြစ်ပါတယ်။ မြန်မာ့အကြပ်အတည်းကို ဘုံသဘောတူညီချက် ငါးရပ် နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာ ဖြစ်ပါ တယ်”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လက်ရှိအာဆီယံလေတပ် အကြီးအကဲများ ညီလာခံကို ဦးဆောင်ကျင်းပမည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သား ပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်း တိုက်ခိုက်မှုများကို အမိန့်ပေး ကွပ်ကဲသူဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ တည်နေရာနှင့် ဖြစ်ရပ်မှတ်တမ်း စီမံကိန်း (ACLED)၏ အချက်အလက်များ အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှု ပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့ပြီး လူဦး‌ေရပေါင်း ၁,၀၀၀ နီးပါးကို သေဆုံးစေခဲ့ကြောင်း သိရသည်။

၂၀၂၃ ဧပြီလတွင် စစ်ကိုင်းတိုင်းပဇီကြီး ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၄၀ အပါ အဝင် အနည်းဆုံးလူပေါင်း ၁၆၈ ဦး သေဆုံးခဲ့မှု၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရှိ တေးဂီတဖျော်ဖြေပွဲ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၈၀ သေဆုံးခဲ့ရမှု၊ ၂၀၂၂ ခုနှစ် စက် တင်ဘာတွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်း ဆုံးလူ ၁၂ ဦးသေဆုံးခဲ့ရမှုတို့ကိုလည်း ဗိုလ်ချုပ်ကြီးထွန်းအောင်က အမိန့်ပေးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း JFM က ရေးသားထားသည်။

၎င်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် အာဆီယံလေတပ်အကြီးအကဲများညီလာခံ၏ သဘာပတိအဖြစ်ခန့်အပ်ခဲ့ပြီး အစည်းအဝေးများကို ဦးဆောင်ကျင်းပခွင့်ပေးခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ကောင်းစွာသိနေပါလျက် ပံ့ပိုးကူညီနေသည့် နောက်ထပ်အထောက်အထားပင်ဖြစ်ကြောင်း ပြောဆိုထားသည်။

“အာဆီယံအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် စစ်ရာဇဝတ်ကောင် တွေကို ပံ့ပိုးကူညီနေတယ်။ မြန်မာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အန္တရာယ်ဖြစ်စေပြီး မြန်မာ့ အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေတယ်ဆိုတာ ငြင်းလို့မရပါဘူး” ဟု မရတနာမောင်က ပြောသည်။

ထို့ပြင် စစ်ကောင်စီက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ပြုလုပ်သွားမည့် အာဆီယံ၏ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကိုလည်း Justice for Myanmar က ရှုတ်ချ ထားသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...