မြဝတီမြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ယာယီတပ်ရင်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါ ၅ ဦးသေဆုံး

မြဝတီမြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ယာယီတပ်ရင်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါ ၅ ဦးသေဆုံး
မြဝတီမြို့နယ်ဆေးရုံ လက်ရှိအခြေအနေ (ဓါတ်ပုံ- Crd)
မြဝတီမြို့နယ်ဆေးရုံ လက်ရှိအခြေအနေ (ဓါတ်ပုံ- Crd)

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရမှုများတွင်  ယာယီတပ်ရင်း မှူး ဗိုလ်မှူးအောင်ကျော်မင်းနှင့်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင်အပါအဝင် ငါးဦးသေဆုံးသွားပြီး မြဝတီခရိုင်ရဲမှူး အပါ ၁၁ ဦးဒဏ်ရာရှိခဲ့ကြသည်။

စက်တင်ဘာလ ၃ ရက်နေ့၊ ည ၇ နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား တပ်မဟာ (၆) KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ဦးစွာ ပစ်ချတိုက်ခိုက်ခဲ့သည်။

ထိုဖြစ်ရပ်အား လာရောက်စစ်ဆေးသည့် ခရိုင်ရဲမှူး ဦးစီးသည့် အဖွဲ့ရောက်ရှိလာစဥ် ည ၇ နာရီခွဲ အချိန်တွင် ဒုတိယအကြိမ်အဖြစ် ဗုံးသီးနှစ်လုံး ထပ်မံပစ်ချ တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုဗုံးကြဲခံရမှုများအတွင်း သေဆုံးသူများထဲ၌  ရဲအုပ်နေလင်းစိုး၊ ထွေအုပ် ဦးစီးအရာရှိ ထွန်းထွန်းညိမ်းနှင့် ထွေအုပ်အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့လည်းပါဝင်ပြီး စိုးရိမ်ရ ဒဏ်ရာ ပြင်းထန်သူငါးဦးနှင့် မစိုးရိမ်ရ ဒဏ်ရာ ရသူ ခြောက်ဦး စုစုပေါင်း ၁၁ ဦးရှိသည်။

စိုးရိမ်ရ ပြင်းထန်ဒဏ်ရာ ရသူ ငါးဦးထဲတွင် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတ က မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်နှင့် ဒုရဲအုပ် သက်ခိုင်တို့ ပါဝင်ကြသည်။

ထို့အပြင် မစိုးရိမ်ရ ဒဏ်ရာရသူ ခြောက်ဦးမှာ ဒုရဲအုပ် လွင်မိုးဦး၊ ဒုရဲအုပ် ဝင်းကျော်စိုး၊ ရဲတပ်သား ဝင်းကျော်စိုး၊ ရဲတပ်သား ထွန်းလင်းဦးနှင့် ဒုရဲတပ်ကြပ် ဝေယံဦးနှင့် ဒုရဲတပ်ကြပ် ပြေသိန်းတို့ ဖြစ်ကြသည်။

“ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၆ ကောင်ထိသွားတယ်။ စိုးတင့်တော့ မသာဖြစ်သွားပြီ၊ သူ့ရဲ့ PSO ရော၊ ယာဉ်မောင်း ရဲမှူးရောပါတယ်၊ လက်ရှိသေတာ ငါးယောက်ရှိပြီ” ဟု မြေပြင်မှ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ဗုံးကျပေါက်ကွဲပြီးနောက် ရဲစခန်း အပါအဝင် အနီးအနား ပတ်ဝန်းကျင်၌ မီးပျက်သွားကြောင်း ဒေသခံက ပြောသည်။

ထို့နောက် ရဲစခန်းပတ်ဝန်းကျင်၌ လူခြေရှင်းလင်းသွားကြောင်းနှင့် စခန်းအတွင်းမှ ပစ်ခတ်သံ တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိကြောင်း ၎င်းကဆိုသည်။

“အသံတိတ်ပြီး လူနာတင်ကား သုံးစီးတောင် ဝင်သွားတယ်။ ပြီးတော့ BGF ကားတွေရော စစ်ကားတွေရော လက်နက်တွေနဲ့ မြို့ထဲမှာ ခြေရှုပ်နေကြတယ်။ ပထမက မီးတွေဖြတ်လိုက်ပေမယ့် အခုတော့ ပြန်လာနေပြီ။ မြို့ တစ်ခုလုံး ကားသံတွေကလွဲရင် တိတ်ဆိတ်နေရောပဲ” ဟု မြဝတီမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မြဝတီမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းတစ်လျှောက်၌ စစ် ကား၊ BGF ကားများ ဝင်ထွက်သွားလာနေကြပြီး ဗုံးကြဲခံရသည်ံ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွင်း လူနာတင်ယာဉ်များ အရေးပေါ် အသံပိတ်၍ ဝင်သွားကြောင်း ဒေသခံများက ပြောသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...