ရခိုင်တွင် ကျွဲ၊ နွားများရောင်းချရန် အစိုးရအဆက်ဆက်က စျေးကွက်ဖန်တီးပေးမှုမရှိ

ရခိုင်တွင် ကျွဲ၊ နွားများရောင်းချရန် အစိုးရအဆက်ဆက်က စျေးကွက်ဖန်တီးပေးမှုမရှိ
ဇွန်လ ၈ ရက်နေ့က ဖမ်းဆီးရမိသည့် နွားများနှင့် နွားများ တင်ဆောင်လာသည့် စက်လှေ (ရခိုင့်နေ့စဉ်)
ဇွန်လ ၈ ရက်နေ့က ဖမ်းဆီးရမိသည့် နွားများနှင့် နွားများ တင်ဆောင်လာသည့် စက်လှေ (ရခိုင့်နေ့စဉ်)

ရခိုင်ပြည်တွင် တောင်သူလယ်သမားများ မွေးမြူသည့် နွားများအား ရောင်းချရန် အစိုးရ အဆက်ဆက်က ပြည် တွင်းပြည်ပ စျေးကွက်များ ဖန်တီးပေးခြင်းမရှိသလို စျေးကောင်းရသည့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျှင်လည်း မှောင်ခိုတင်ပို့သည်ဟု ဆိုကာ ဖမ်းဆီးမှုများရှိနေသည်။

ဇွန်လ ၈ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အတွင်း ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့် နွား ၂၀၅ ကောင်နှင့် မှောင်ခိုတင်ပို့သူ ၁၈ ဦးကို ဖမ်းဆီမိခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြ သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဇွန်လ (၈) ရက်နေ့က  သံတွဲမြို့နယ် လေကြီးချိုင်ကျေးရွာ အနီးတွင် သောင်တင် နေသည့် “ရွှေအောင်သူ” အမည်ရှိ စက်လှေပေါ် တင်ထားသည့် နွားအထီး ၇ ကောင်နှင့် ကမ်းစပ်တွင် လွှတ် ကျောင်းထားသည့် နွားအကောင် ၇၀၊  စုစုပေါင်း ၇၇ ကောင်ကို ဖမ်းဆီးရမိမှုလည်း ပါဝင်သည်။

အဆိုပါ နွားအကောင်ရေ ၇၇ ကောင်၏ ကာလတန်ဖိုးမှာ ကျပ် ၇၆၀၀၀၀၀၀ ဖိုးရှိကြောင်း ထုတ်ပြန်သည့် စာ ရင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ကျွဲနွားများကို မာန်အောင်၊ ကျောက်ဖြူနှင့် တောင်ကုတ် အပါအဝင် ဒေသအနှံ့အပြားတွင် မွေးမြူကြပြီး ကျွဲ၊ နွားများကို စျေးကောင်းရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေလမ်းကြောင်းမှ တစ်ဆင့် တရား မဝင် တင်ပို့ရောင်းချလေ့ ရှိကြသည်။

ကျောက်တော် ဒေသခံ တောင်သူတစ်ဦးက “ရခိုင်မှာ မွေးတဲ့နွားတွေက ရခိုင်ပြည်အတွင်း အသားစျေးကွက် လုံ လောက်သလို ပိုလျှံပါတယ်။ ရခိုင်မှာက နွားတွေကို တစ်ပိုင်တစ်နိုင် မွေးမြူကြပေမယ့် ရောင်းမယ့် စျေးကွက် မရှိဘူး။ စျေးကွက်မရှိတော့ နွားစျေးကလည်း ထင်သလောက်မရဘူး။ ဒီတော့ တစ်ဘက်နိုင်ငံ ဘင်္ဂလားကို မှောင် ခိုလမ်းကြောင်းက တင်ပို့ကြတယ်။ တင်ပို့တဲ့အခါ အာဏာပိုင်တွေကို ပေးကမ်းတဲ့နေရာမှာ အဆင်မပြေရင် အဖမ်းခံရတယ်။ အမှန်ကတော့ ရခိုင်ပြည်နယ်အတွင်း ကျွဲနွားစျေးကွက်တစ်ခု ဖန်တီးပြီး တစ်ဖက်နိုင်ငံကို တရားဝင်လမ်းကြောင်းကနေ တင်ပို့နိုင်ရင် နိုင်ငံလည်း ဝင်ငွေရမယ်။ နွားမွေးတဲ့ တောင်သူ လယ်သမားတွေ လည်း အဆင်ပြေမယ်” ဟု ပြောဆိုသည်။

မြန်မာအုပ်ချုပ်သူ အစိုးရအဆက်ဆက်သည် ရခိုင်ပြည်နယ်မှာ ရေခံမြေခံကောင်းပြီး စီးပွားရေး အလားအလာ ကောင်းများရှိနေကြောင်း တဖွဖွ ပြောဆိုနေသော်လည်း ရခိုင်ပြည်သူ ပြည်သားများအတွက် အကျိုးရှိစေမည့် စီးပွားရေး အခွင့်အလန်းကိုမျှ ဖန်တီးပေးခြင်း၊ ရခိုင်ဒေသနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများကို ထူထောင် ပေးခြင်း (လုံး၀) မရှိကြောင်း ရခိုင်စီးပွားရေး သမားများက ပြောကြားသည်။

မောင်တောမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “ဘင်္ဂလားစျေးကွက်က အကြီးကြီးပါ။ သူတို့နိုင်ငံမှာ လိုအပ် တဲ့ ကျွဲနွားတွေကို မြန်မာနဲ့ အိန္ဒိယက တင်သွင်းရတယ်။ မြန်မာကတော့ တရားမဝင် လမ်းကြောင်းကနေ တင်ပို့ ကြရတယ်။ ကုန်လမ်းရေလမ်းက နည်းအမျိုးနဲ့ ပို့ကြတာ။ ဒီလို ဖြစ်နေတော့ ရခိုင်က ကျွဲနွားတွေကို တစ်ဖက် နိုင်ငံကို တင်ပို့နိုင်အောင် တရားဝင် လမ်းကြောင်း တစ်ခုကိုတော့ အစိုးရအနေနဲ့ ဖန်တီးပေးသင့်ပါတယ်” ဟု ပြောသည်။

ရခိုင်က ဒေသအများစုတွင် လယ်မြေများကို ထွန်ယက်စိုက်ပျိုးရာတွင် ကျွဲ၊နွားများထက် စက်နှင့် ထွန်ယက်မှုက နေရာယူလာပြီး လယ်သမားများအနေဖြင့်  ကျွဲ၊နွားထိန်းကျောင်းမှု စရိတ်ကုန်ကျမှုနှင့် စားကျက်မြေများ ရှားပါး မှုတို့ကြောင့် ကျွဲ၊ နွားများကို ရောင်းချလာကြခြင်း ဖြစ်သည်ဟု ပုဏ္ဏားကျွန်း ဒေသခံ လယ်သမားတစ်ဦးက ပြော သည်။

“စက်နဲ့ တစ်ရက်ထွန်ရမှာကို ကျွဲ၊ နွားနဲ့ထွန်ရင် အကြာကြီး ထွန်နေရတာရယ်။ အလုပ်သမား စရိတ်ကုန်တာနဲ့ အဲဒီ ကျွဲ၊ နွားတွေကို ကျောင်းဖို့ အရင်ကလို နေရာလည်း မရှိတော့ အများက ကျွဲ၊ နွားတွေကို ရောင်းကြတယ်။ ကြာလာရင် ဒီကျွဲ၊ နွားမွေးမြူတဲ့ အလေ့အထတောင် ပျောက်သွားမှာကို စိုးရိမ်ရတယ်” ဟု ပြောသည်။

လက်ရှိ ကျွဲတစ်ကောင်ပေါက်ဈေးမှာ ၈ သိန်းကျော်ရှိပြီး နွားစျေးမှာ အကြီးအငယ်အပေါ် မူတည်ပြီး စျေးသတ် မှတ် ရောင်းချကာ နွားများမှာ ကျွဲထက် ဈေးပိုရသည်ဟု ဆိုသည်။

နွားများနှင့်အတူ ဖမ်းဆီးရမိသည့် မှောင်ခိုသမားများကိုလည်း အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထားသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင်း ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တော အပါအဝင် မြို့နယ်အချို့တွင်လည်း ကျွဲ၊ နွားအပါအဝင် တိရိစ္တာန် ၂၇၆၁၆ ကောင် သေဆုံးခဲ့ကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...