နယ်စပ်တွင် စစ်တပ်၏ လေယာဉ်များ မကြာခဏ ကင်းထောက်နေသောကြောင့် ကရင်နီဒုက္ခသည်များ စိုးရိမ်

နယ်စပ်တွင် စစ်တပ်၏ လေယာဉ်များ မကြာခဏ ကင်းထောက်နေသောကြောင့် ကရင်နီဒုက္ခသည်များ စိုးရိမ်

ထိုင်းနိုင်ငံတွင် ဒုက္ခသည်စခန်း အဖြစ် နှစ်ပေါင်း ၂၀ ကျော်ရှိနေခဲ့သည့် ကရင်နီ ဒုက္ခသည်စခန်းအမှတ် ၁ မှ ပြည် သူများသည် ယခုလပိုင်းအတွင်း ကရင်နီပြည် နယ်စပ်တလျှောက်ကို စစ်တပ်၏ လေယာဉ်များ ကင်းထောက် ပျံဝဲမှု နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်။

လေယာဉ်သံများ အမြဲလိုလိုကြားနေရသည့် အပြင် ဒုက္ခသည်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်လာမည်ဆိုသည့် အချင်းချင်းကြား ပြန့်နှံ့နေသော အတည်မပြုနိုင်သည့် ကောလဟာလ သတင်းများကြောင့် စိုးရိမ်စိတ်များပြီး အချို့မှာ နေအိမ်အောက်တွင် ဗုံးခိုကျင်းများ တူးထားကြသည်။

ကရင်နီဒုက္ခသည်စခန်း၏ စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နော်မူသောက “ကျမတို့ ကြားရတာက ရပ်ကွက် ထဲမှာ တချို့တွေက သူတို့က စိုးရိမ်စိတ်တွေရှိပြီး ဗုံးခိုကျင်း တူးတာတွေရှိတယ်။ ဘယ်လောက်တူးတာလဲဆိုတာ ကျမတို့ တိကျမသိဘူးပေါ့နော်။ ကျမ ရပ်ကွက်မှူးတွေ မေးကြည့်တော့ တချို့ တကယ်တူးတာတွေရှိတယ်။ သူတို့တွေ စိုးရိမ်စိတ်တွေ့တယ်ပေါ့။ လေယာဉ်တွေက အမြဲလာတယ် ပြီးတော့ လက်နက်သံတွေက နီးနီးကြားရ တယ် အဲ့လိုတွေကြားရတော့ တချို့ထပြေးတာတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် နယ်စပ်က ၎င်းတို့၏ တပ်စခန်းများကို အင်အားနှင့် ရိက္ခာများ ဖြည့်တင်းသည့် နေရာတွင် ရဟတ်ယာဉ်များ၊ စစ်လေယာဉ်များကို အသုံးပြုနေသည့်အပြင် နယ်စပ်က ကရင်နီတပ်မတော်၏ စခန်းကုန်း များကိုလည်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့မှာပင် ကရင်နီဒုက္ခသည်စခန်းနှင့် ၅ ကီလိုမီတာခန့်သာ ဝေးသော ကရင်နီပြည် နယ်စပ်ထဲက ဒေါနိုးကူးစစ်ရှောင်စခန်းကို လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နယ်မြေခြင်းနီးစပ်မှုရှိနေသည့် ကရင်နီဒုက္ခသည်စခန်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည် ဆိုသော ကောလဟာလသတင်းများကြောင့် စခန်းက ပြည်သူမှာ စိုးရိမ်ကြခြင်း ဖြစ်သည်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ က ဗုံးခိုကျင်းတူးထားသူ တစ်ဦးက “ဘာဖြစ်လို့လဲဆိုတော့ တူးရတဲ့ အကြောင်းအရင်းက ဘယ်လိုဖြစ်ဖြစ် လုံခြုံစိတ်ချမှုတွေ မရှိတဲ့ အတွက် ကာကွယ်မှုအနေနဲ့ပဲ တူးတာဖြစ်ပါ တယ်။ ပြီးရင် ကျနော်တို့ ကာကွယ်တဲ့ အနေနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာ မှာမှ သွားပြောလို့မရဘူးလေ။ ဒါကြောင့်မို့လို့ တူးခြင်းဖြစ်ပါတယ်“ ဟု ပြောသည်။

ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ ထိုင်းနိုင်ငံ၏ နယ်နမိတ်အတွင်း တည်ရှိနေခြင်းကြောင့် စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည့် အလားအလာနည်းကြောင်း ကရင်နီပြည်အစိုးရ (KNPP) ၏ တရားရေး ဝန်ကြီးဖြစ်သူ ခူးတော်ရယ်အက်စ်က ပြောသည်။

“သူများ ဘာမှမလုပ်သေးပဲနဲ့ အရမ်းကြောက်နေရင်လဲ ကြောက်ပြီး သေတတ်တာလဲရှိတယ်လေး။ ဗမာ စစ်သား တွေ အဲ့လို လာလုပ်မယ်ဆိုရင် ကျနော်တို့ လေ့လာ နားထောင်၊ သိရှိတာကတော့ သူတို့ အစီအစဉ်တွေ ကြည့်ရ တာ သူများနိုင်ငံထဲမှာ အဲလိုလုပ်မယ်ဆိုတာ မကြားရဘူးပေါ့နော် မြင်လဲ မမြင်ဘူးနော်“ ဟု ပြောသည်။

ပြီးခဲ့သည့် ၁၉၉၇ - ၉၈ ခုနှစ်အတွင်း ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နှင့် ထိုင်းနိုင်ငံအတွင်းက ကျေးရွာ အချို့ ကို စစ်တပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုခဲ့ဖူးပြီး နေအိမ်အချိူ့ ထိမှန်ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်ဟု စခန်းနေ ပြည်သူများက ဆိုသည်။

ထိုင်း - ကရင်နီနယ်စပ်တွင် ကရင်နီဒုက္ခသည်စခန်း ၂ခုရှိပြီး လူဦးရေအားဖြင့် ၁သောင်းကျော်ခန့် ရှိသည်။

Most read this week

October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...