စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြား စယ်လန့်ဒေသခံ ၆၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရ

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြား စယ်လန့်ဒေသခံ ၆၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့တိုက်ပွဲကြား ဒေသခံ ၆၀၀ ကျော် စစ်ရှောင် ထွက်ပြေး နေကြရသည်။

စယ်လန့်ကျေးရွာအနီးတွင် ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းမှစတင်ပြီး သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် စယ်လန့်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ ၆၀၀ နီးပါး ထွက်ပြေးနေရကြောင်း စယ်လန့်ကျေးရွာနေ အမည်မဖော်လိုသူ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီး နဲ့ ကလေးမိခင်တွေကတော့ စစ်ရှောင်ထွက်ပြေးကြပြီ၊ ရွာထဲမှာက လူငယ် လူရွယ် အမျိုးသားပဲ အများစု ကျန်နေကြတယ်။ အိမ်စောင့်လည်း မထားလို့ မရလို့ အိမ်စောင့်အဖြစ် ကျန်ခဲ့တာ မျိုးပေါ့” ဟု ၎င်းက ပြောသည်။

စစ်ရှောင်ထွက်ပြေးရသည့် ဒေသခံများသည် စယ်လန့်၊ ဂေါင်ရာရွာသစ်၊ မန်ကန်၊ မိုင်းဆတ်၊ နမ့်ကတ်ကျေးရွ စသည့် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြပြီး မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ တင်းလုံ ရပ် ကွက်၊ ပန်ခမ်းကျေးရွာ နှင့် နမ့်ခမ်းမြို့နယ် တုန်ခွမ်ကျေးရွာတို့ရှိ ဆွေးမျိုးများ၏ အိမ်များတွင် ထွက်ပြေး ခိုလှုံ နေကြရသည်။

ထို့အပြင် မူဆယ်မြို့နယ် နောင်နောင်းကျေးရွာအုပ်စုရှိ မန့်နိမ်ကျေးရွာ ဘုန်းကြီးကျောင်းသို့လည်း စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိနေပြီး စစ်ရှောင်များအတွက် စားဝတ်နေရေး နှင့် နေရာထိုင်ခင်းများအတွက် အကူအညီများ လိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

အသက် ၃၀ ဝန်းကျင် မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက “အခုမှာ တစ်ရက် နှစ်ရက်ပဲ ရှိနေသေးတော့ ဆွေမျိုး တွေ ဘုန်းကြီးကျောင်းတွေ ကူညီထောက်ပံ့နိုင်သေးပေမယ့် ရက်ကြာလာရင် မလွယ်လောက်တော့ဘူး။ ဆွေမျိုး ဆိုလည်း အားနာရတယ်။ ဒါကြောင့် ဒီစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့ပေးမယ့် အလှူရှင်တွေရှိရင် ကောင်း တာပေါ့” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စယ်လန့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ ၄၂၀၊ ၄၁၇ တပ်ရင်း အပြင် နမ်းခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့နှင့် အခြားသော ပြည်သူ့စစ်တပ်ဖွဲ့များကိုလည်း အသုံးပြုခဲ့ ကြောင်း ဒေသခံများက ပြောသည်။

စစ်ရှောင်များသည် ၎င်းတို့ရွာအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးခြင်းမဟုတ်ကြောင်း၊ စစ်တပ်၏ လက်နက်ကြီး ရန်ကြောင့်သာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက ကတော့ လက်နက်ကြီး ရန်ကြောက်လို့ပေါ့နော်။ တကယ့် တကယ်တော့ တိုက်ပွဲက ရွာထဲမှာ မဖြစ်ဘူး။ ဒါပေမဲ့လည်း ရွာထဲကို လက်နက်ကြီးတွေက ရွာထဲ က ကျတော့ စစ်ရှောင်ထွက်ပြေးရတာပေါ့” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် TNLA တပ်တို့ စစ်ရေးတင်းမာမှု ရှိနေသေး သည့်အတွက် စစ်ရှောင်များလည်း နေရပ်ပြန်သွားရန် အဆင်မပြေကြသေးပေ။

ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်တွင်လည်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အကြား ခိုမုန်းကျေးရွာအနီး စစ်ကောင်စီ၏ စကခ - ၁၇၊ ခမရ - ၅၇၇၊ ရမခ/ခရလ - ၄၅ တပ်တို့ ထိုးစစ်ဆင် လာခဲ့ခြင်းကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း TNLA မှ သတင်း ထုတ်ပြန်ထားသည်။

Most read this week

October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...