အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်းဝင်စစ်

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေသည်ဟု မြို့ခံများက ပြော သည်။

မောင်တောမြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့၊ ညတွင်လည်း မောင်တောမြို့ရှိ ကညင်တန်းရပ်ကွက်နှင့် အခြားရပ်ကွက်အချို့ကို အဆို ပါအဖွဲ့က စစ်ကား ၂ စီးဖြင့် နေအိမ်များကို ဝင်စစ်ခဲ့ကြောင်း မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အဓိကတော့ မောင်တော၊ ဘူးသီးတောင်မှာ ARSA အဖွဲ့က လှုပ်ရှားနေလို့၊ လှုပ်ရှားတာများနေလို့၊ သတင်းတွေ ကြားလို့ ဒီလိုမျိုးဧည့်စာရင်းစစ်နေတာလို့ သုံးသပ်မိပါတယ်” ဟု ပြောသည်။

မောင်တောမြို့တွင် ကညင်တန်း၊ မြို့မအရှေ့၊ မြို့မအနောက်၊ မြို့မတောင်၊ မြို့မမြောက်၊ မောင်နီရပ်ကွက်၊ ရွာသစ် ကေ၊ လသာ၊ မြို့ဦး၊ ၆ မိုင်၊ ဝေသာလီနှင့် မြို့သူကြီးစသည့် မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိသည်ဟု ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးက နိရဉ္စရာကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်း ဝင်စစ်နေခြင်းဖြစ်သည်ဟု သူက ပြော သည်။

“သက်ဆိုင်ရာက ကြိုတင်တော့ မပြောဘူး။ ဒီရပ်ကွက်ကို လာစစ်မယ်ဆိုပြီးတော့လေ။ ရှောင်တခင်လာစစ်တဲ့ သဘောပါ” ဟု ပြောသည်။

ထိုသို့ စစ်ဆေးနေစဉ် ကာလအတွင်း သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းမိခြင်း မရှိသေးဟုလည်း ဆို သည်။

သို့သော် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများကိုမူ ယခုကဲ့သို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်ခြင်းမျိုး မရှိသေးဘူးဟု မွတ်ဆလင်ကျေးရွာသား တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ခြေကုပ်ယူထားသည့် ARSA အကြမ်းဖက်အဖွဲ့ကို ယခုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာနေ၍ ARSA သည် ရခိုင်ပြည်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ စိမ့်ဝင်လှုပ်ရှားလာနေကြခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စခန်းချနေထိုင်ခြင်း၊ မွတ်ဆလင် ကျေးရွာများကို လက်နက်ပြပြီး စည်းရုံးရေးဆင်းခြင်း၊ မွတ်ဆလင် စီးပွားရေး လုပ်ငန်းရှင်အချို့ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ ရက္ခိုင့် တပ်တော် (AA)နှင့် တိုက်ပွဲအချို့ဖြစ်ပွားခြင်း၊ မောင်တောဒေသတွင် မွတ်ဆလင်များ သတ်ဖြတ်ခံခဲ့ရသည့် ၆ နှစ် ပြည့် အထိမ်းအမှတ် အစဉ်အစီများကို ဦးဆောင်ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင် လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုသို့ လှုပ်ရှားလာနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများ နှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ်က အထိအခိုက် အကျအဆုံးများရှိခဲ့၍ အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ထိုကဲ့သို့သော နယ်မြေ ရှင်းလင်းခဲ့မှုများကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက် လာနိုင်ခြင်း မရှိကြသေးပေ။

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...