အာဆာကို အသုံးချနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အမြဲစောင့်ကြည့်နေကြောင်း AA ပြော

အာဆာကို အသုံးချနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အမြဲစောင့်ကြည့်နေကြောင်း AA ပြော

ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ကို အသုံးချနေသည့် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် အမြဲတမ်းစောင့်ကြည့်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ အဲ့ဒီအခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း သတိထား စောင့်ကြည့် နေတယ်လို့ပဲ ကျနော့်ဘက်က ပြောချင်ပါတယ်” ဟု ပြောသည်။

ယခုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားနေသည့် အာဆာအဖွဲ့ကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်များက ဖော်ထုတ် ဖမ်းဆီးခြင်းကြောင့် ရပ်တည်နေထိုင်ရန် ခက်ခဲလာ၍ ARSA အဖွဲ့ဝင်များ သည် ဘူးသီးတောင်နှင့် မောင်တောဒေသသို့ ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ယခင်ထက် ပိုမို စိမ့်ဝင် လှုပ်ရှားလာ သည်ဟု ဒေသခံများနှင့် နိုင်ငံရေးစောင့်ကြည့်သူများက ဆိုသည်။

ထို့အပြင် အာဆာအနေဖြင့် တကျော့ပြန်တိုက်ပွဲကာလက AA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ တပ်စခန်း များ အတွင်း ဝင်ရောက်တပ်စွဲနေထိုင်ကာ ဒေသခံ မွတ်ဆလင်များထံမှ ငွေညှစ်တောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင် အချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် မွတ်ဆလင် ကျေးရွာများအတွင်း စည်း ရုံးရေးဆင်းခြင်းတို့ကို ခပ်စိပ်စိပ် ပြုလုပ်လာသလို ရက္ခိုင့်တပ်တော်(AA)နှင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားမှု ရှိလာခဲ့သည်။

ယခုကဲ့သို့ အာဆာ၏ လုပ်ဆောင်မှုများတွင် စစ်ကောင်စီက ကျောထောက် နောက်ခံပြုမှုနှင့် နိုင်ငံရေး အသုံးချမှု များ ပါဝင်နေသည်ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ARSA အဖွဲ့ကို လက်နက်အင်အားထောက်ပံ့ခြင်းနှင့် အလွယ်တကူ ဝင်ထွက် သွားလာခွင့်များ ပြုထားသည်ဟုလည်း စစ်တပ်နှင့်နီးစပ်သည့် မောင်တောဒေသခံတစ်ဦးက ပြောသည်။

“ဒီလပိုင်းအတောအတွင်းမှာတော့ လူစိမ်းတွေ အဝင်အထွက်တွေ များလာတာတွေ့ရတယ်။ အတွင်းသတင်းအရ တော့ စစ်တပ်တပ်စွဲထားတဲ့ ကြိမ်ချောင်းဘက်ကနေပဲ ပိုက်ဆံ ပေးသွားလာနေတာလို့ သိရတယ်။ တချို့ မွတ်ဆ လင်တွေကိုကျတော့ သူတို့(စစ်ကောင်စီတပ်) အကျိုးလိုလို့ အသုံးချထားတာ။ ပြောရရင် တမင်လွှတ်ထားတဲ့ ပုံစံမျိုးတွေ တွေ့လာရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက အာဆာကိုအသုံးချကာ လူမျိုးရေး၊ ဘာသာရေးပြဿနာများဖန်တီးပြီး ပဋိပက္ခများ ပြန်ဖြစ်လာ မည်ကို ဒေသတွင်းနေထိုင်သည့် ရခိုင်နှင့် မူဆလင် အသိုင်းအဝိုင်းကြား စိုးရိမ်မှုများ ရှိနေကြသည်။

ရခိုင်၊ မွတ်ဆလင် အသိုင်းအဝိုင်း နှစ်ရပ်လုံး စစ်ကောင်စီ၏အသုံးချမှုကိုမခံဘဲ သတိထား စောင့်ကြည့်ရန် လို အပ်သည်ဟု  ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက ပြောသည်။

“ကျနော်တို့ ရခိုင်တမျိုးသားလုံးက သတိထားစောင့်ကြည့်ရမှာ ဖြစ်တယ်။ မွတ်ဆလင်တွေ အနေနဲ့လည်း ကိုယ့် ရခိုင်ပြည်မှာ ရခိုင်သားတွေနဲ့ တန်းတူညီတူ ကိုယ့်ရခိုင်ပြည်ကို ချစ်တဲ့ စိတ်နဲ့ အတူနေထိုင်မယ့် စိတ်ကိုမွေးမြူပြီး ဒီပြဿနာတွေကို မဖန်တီးဖို့ လိုပါတယ်။ ARSA တို့၊ RSO တို့ရဲ့ လှုပ်ရှားမှုတွေမှာ မွတ်ဆလင်တွေဟာ မပါဝင်ဖို့ လိုပါတယ်။ ကျနော်တို့ ရခိုင်သူ၊ ရခိုင်သားတွေနဲ့ နွေးနွေးထွေးထွေး အနာဂတ်မှာ အတူတူမျိုးချစ်စိတ်ဓာတ်နဲ့ ကိုယ့်ပြည်ကိုချစ်တဲ့ စိတ်နဲ့ နေထိုင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို မွတ်ဆလင် ရော၊ ရခိုင်တွေပါ စောင့်ကြည့်ပြီး မဖြစ်သင့်တာတွေမဖြစ်အောင် သမိုင်းမှာ နောက်တစ်ကြိမ် အမဲစက်တွေ မထင်ရအောင်၊ စစ်ကောင်စီရဲ့အသုံးချမှုကိုလည်းမခံရအောင် ကြိုတင်ပြီး ဒီကိစ္စတွေကို တွေးတောရမယ်။ စောင့် ကြည့်ရမယ်” ဟု ပြောသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော် သူရ ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အာဆာအဖွဲ့သည် ၂ဝ၁၆ ခုနှစ် နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ် စခန်း အများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ထိုသို့ နယ်မြေရှင်းလင်းမှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA)ကို ရခိုင်စစ်မြေပြင်တွင် မတိုက်နိုင်သောကြောင့် အာဆာအကြမ်း ဖက်အဖွဲ့ နှင့် ပူပေါင်းကာ စစ်ရေးဘက်မျှအောင် စီစဉ်နေပုံရကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာ အကဲခတ်သူ များက ပြောသည်။ 

Most read this week

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...