စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးအား ပင်လယ်ပြင်ရှာဖွေမှုရပ်နား

စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးအား ပင်လယ်ပြင်ရှာဖွေမှုရပ်နား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သည့် စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ပင်လယ်ပြင်အတွင်း ရှာဖွေမှု ရပ်နားလိုက်ပြီဖြစ်သည်။

မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသည့်  ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့် စက်လှေသည် သြဂုတ်လ ၇ ရက်နေ့၊ နံနက်တွင် စစ်တွေမြို့၊ ဘာဆာရာကျေးရွာအနီး ပင်လယ်ပြင်တွင် လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်။

ယင်းနေ့ ညနေတွင်  အသက်ရှင်လျက် မျောပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး ၏ ရုပ်အလောင်းကို  ဘာဆာရာကျေးရွာကမ်းစပ်၌ ဒေသခံများက တွေ့ရှိခဲ့သည်။

ထို့နောက်ပိုင်းတွင် အမျိုးသမီး ရှစ်ဦး၊ အမျိုးသားခုနစ်ဦး၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသူများကို ရက်သတ္တပတ် တပတ်ကျော်ကြာ ရှာဖွေခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ပင်လယ်ပြင်အတွင်း ရှာဖွေရေး ရပ်နားလိုက်သည်ဟု ဒေသအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှုး ကိုဗျာလက မဇ္စျိမကို ပြောသည်။

“အရင်တုန်းကတော့ ပင်လယ်ပြင်မှာ Speed Boat တွေနဲ့ ရှာတာရှိတယ်။ အခုတော့ နားလိုက်ပြီ။ အလောင်းတွေ တော့ ဆက်မတွေ့ဘူး။  ရပ်နားထားတယ်ဆိုပေမယ့် ဒုံးခနဲရပ်နားလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အခွင့်ကြုံရင် ကြုံသလို ၀င်ရှာမှာပါ။လတ်တလောမှာတော့ ကမ်းခြေတဝိုက်မှာ ကားနဲ့ ပတ်ရှာတာရှိတယ်။ အခုလည်း ပထမ လူတွေပေါ်ခဲ့တဲ့ နေရာတွေမှာ ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်” ဟု ကိုဗျာလက  ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်အထိ ရုပ်အလောင်းစုစုပေါင်း ၁၇လောင်း ပြန်တွေ့ ထားသလို ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦး ရှိနေဆဲဟု သိရသည်။

အသက်ရှင်လျက် ပြန်တွေ့သူ ရိုဟင်ဂျာ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်နှင့် ရဲများက ခေါ်ဆောင်သွား ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့် ပြည်ပ အိမ်နီးချင်းနိုင်ငံများသို့ ပင်လယ် ရေလမ်းမှ တဆင့် စက်လှေများဖြင့် တရားမဝင်သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေ နစ်မြုပ်မှုများအတွင်း အသက်ဆုံးရှုံးမှုများနှင့် ဖမ်းဆီးခံရမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။

ပုံအညွှန်း - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘုမေအုပ်စုနှင့် ဘာဆာရွာ အရှေ့ဘက် ကမ်းခြေ သဲသောင်ပြင် တွင် တွေ့ရှိသည့် ရိုဟင်ဂျာ ရုပ်အလောင်းတလောင်းကို သယ်ယူနေစဥ်။  (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...