စစ်ကောင်စီကို စစ်မျက်နှာအစုံဖွင့်ကာ အဆုံးသတ်တိုက်ပွဲကို ဖြစ်နိုင်သမျှ နည်းနာ အစုံအလင်ဖြင့် ဆင်နွှဲနေကြ သည့် ကာလကို ရောက်ရှိလာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၃၅ နှစ်မြောက် ရှစ်လေး လုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနှင့် အတူ သမိုင်းအဆက်ဆက် ဆင်နွှဲခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားမှု များကို အကြောင်းပြုပြီး ပြည်သူလူထု တရပ်လုံး၏ အာဏာရှင် တော်လှန်ရေးစိတ်ဓါတ်သည် မျိုးဆက်အလိုက် ကူးအားကောင်းခဲ့သည်ဟု ဖော်ပြထားသည်။
NUG က “ခေတ်အဆက်ဆက် အာဏာရှင်တို့ထက်ပင် ပိုမိုရိုင်းစိုင်းယုတ်မာသော စစ်အာဏာရှင်တစ်စု၏ မတရား အာဏာလု ယူမှုနှင့် ဖိစီးနှိပ်စက်မှုတို့ကို မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စုစည်းညီညွတ်စွာ၊ သန္ဓိဌာန်ခိုင်မြဲစွာဖြင့် စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာ စသည်ဖြင့် စစ်မျက်နှာအစုံဖွင့်ကာ အဆုံးသတ် တိုက်ပွဲကို ဖြစ်နိုင်သမျှနည်းနာအစုံအလင် (By All Possible Means)ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲနေကြသည့် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။
ထို့အတူ လက်ရှိ စစ်အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန်အလျဉ်းကင်းစင်သည့် ဖက်ဒရယ် ဒီမိုက ရေစီ စနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲနိုင်ရေးကိုလည်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
တိုင်းပြည် ငြိမ်းချမ်းရန်အတွက် စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုနေသည့် ယန္တယားများ မရှိသောသည့် တနေ့မှ ဖြစ်နိုင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က ပြောသည်။
ရဲဘော်အေးလွင်က “ကျနော်တို့ ဒီလွတ်လပ်ရေး ရပြီးကတည်းက တိုင်းပြည်ထဲမှာ စစ်ပွဲတွေ ဖြစ်နေတယ်၊ အဲဒီ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ နိမ့်ကျမှုတွေ အများကြီး ဖြစ်နေတယ်၊ အဲ့ဒါတွေ မဖြစ်အောင် ကျနော်တို့ ကြားထဲမှာ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ဖို့ အတွက်ကတော့ဖြင့် တိုင်းပြည် ငြိမ်း ချမ်းဖို့တော့ လိုတာပေါ့။ အဲ့ဒီ ငြိမ်းချမ်းဖို့ လိုတာကလည်း အခုရှိနေတဲ့ စစ်အာဏာရှင်စနစ်တွေ စစ်အာဏာရှင် စနစ်ကို အထောက်အကူပြုနေတဲ့ ယန္တယားတွေ ဒါတွေ မရှိတဲ့ တနေ့မှ ကျနော်တို့ ဖြစ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ကျနော်တို့ ABSDF အနေနဲ့ကတော့ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ အားလုံးပေါင်းပြီးတော့ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားမယ်လို့ ကျနော်တို့ အဲဒီလိုမျိုး ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုနှင့် အတူ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။
ထို့နောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျှက်ရှိနေပြီး တိုင်းပြည်သူ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။