ပဋိပက္ခများကြောင့် ကော်သူးလေဒေသရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးနေ

ပဋိပက္ခများကြောင့် ကော်သူးလေဒေသရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးနေ

စစ်အာဏာသိမ်းမှု နောက်ပိုင်း ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီနှင့်တော်လှန်ရေး အင် အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးမှု ရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ - KHRG က ပြောသည်။

နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးမှုများရှိနေသလို ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေ ရသောကြောင့် ကျောင်းနေအရွယ် ကလေးများ ပညာဆက်လက်သင်ယူနိုင်ခွင့် အလှမ်းဝေးနေကြောင်း KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက ပြောသည်။

၎င်းက “တောတွေ တောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ကလေးတွေဆိုရင် သင်ကြားပေးမယ့်ဆရာမရှိတာတို့ သင် ထောက်ကူ ပစ္စည်းမရှိတာတို့ စတဲ့ လိုအပ်ချက်တွေရှိတော့ ပညာဆက်သင်နိုင်ဖို့က အလှမ်းဝေး နေတာပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ကလေးငယ်များ ပညာဆက်လက်သင်ယူခွင့် အလှမ်းဝေးနေရသည့် အကြောင်းနောက်တစ်ခုမှာ စစ်ဘေးရှောင် နေရသည့် နေရာများတွင်လည်း အကူအညီအထောက်အပံ့များ အပြည့်အဝ မရရှိကြသောကြောင့် ဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်း၊ မြေပြင် တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးပြီး ကျောင်းသူ ကျောင်းသားများ ထိခိုက်သေဆုံးခြင်း၊ ပညာ ဆက်လက် မသင်ယူနိုင်ခြင်းများသည် ကျောင်းသား လူငယ်များ၏ အနာဂတ်အရေးကို ထိခိုက်စေသော ဆိုးရွားသည့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှု ဖြစ်ကြောင်းလည်း စောနန္ဒဆူးက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရေးအရအသာစီးရနိုင်ရန် တိုက်ပွဲဖြစ်ပွား၍စစ်ဘေးရှောင်ရသော ဒေသခံများ ၏ နေအိမ်များ၊ စာသင်ကျောင်းများအတွင်း တပ်စွဲနေထိုင်သဖြင့်‌ ဒေသခံများ နေရပ်မပြန်နိုင်ကာလ ကြာရှည် လာ သောအခါ စားဝတ်နေရေးခက်ခဲပြီး မိမိတို့သားသမီးများ ကျောင်းဆက်တက်နိုင်ရေး အခက်အခဲ ရှိကြောင်း သံတောင်ကြီးမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ရွာမှာစစ်တပ်ရှိနေလို့ ကျမတို့အိမ်မပြန်နိုင်တာကြာပြီ ကျမကတော့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ဖြေရှင်း ပြီး ကျမကလေးတွေကို ပညာရေးမနှောင့်နှေးအောင် ရောက်တဲ့အရပ်မှာ ကျောင်းဆက်တက်ခိုင်းတယ်။ ကျမတို့ရွာက စစ်ရှောင်လာတဲ့ ကလေးတွေထဲမှာ သုံးပုံ၁ပုံကျော်လောက်ပဲ ကျောင်းဆက်တက်နိုင်တာ။ ကျန်တဲ့ကလေးတွေဆို ငွေကြေးမတက်နိုင်လို့ ကျောင်းမတက်ရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူများတွင် ကလေးငယ်များပါဝင်မှု များပြားပြီး စားဝတ်နေရေးအတွက်သာ ဦးစားပေး ကူညီပံ့ပိုးမှုရှိသော်လည်း စစ်ရှောင်ကလေးများ၏ပညာရေးအတွက် အကူအညီရရှိမှုက နည်းပါးကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

ထို့အတူ စစ်အုပ်ချုပ်မှုနောက်ပိုင်းတွင် မြန်မာအစိုးရကျောင်းများမှ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ၏ ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန - KECD ကျောင်းများသို့ ပြောင်းရွှေ့ ပညာသင်ယူလာကြသော ကျောင်း သားဦးရေ ပိုမိုများပြားလာသည်။

နယ်မြေမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းနှင့် ဒုက္ခသည်စခန်းများသို့ ယခု ပညာသင်နှစ်အတွင်း ပြောင်းရွှေ့သွားသော ကျောင်းသားအချို့လည်း ရှိကြောင်း KECD ကလည်း ပြောဆိုထား သည်။

Most read this week

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...