စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ခမ်းပတ်မြို့က နေရပ်စွန့်ပြီး မြို့လုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒေသခံပြည်သူတွေအနေနဲ့ ဩဂုတ်လ (၃) ရက်နေ့က စပြီး မိမိတို့နေရပ်ကို ပြန်လည် ဝင်ရောက် နေထိုင်နိုင်ပြီလို့ ခမ်းပတ်မြို့ဒေသခံတွေက ပြောပါတယ်။
ခမ်းပတ်မြို့မှာရှိတဲ့ ခရစ်ယာန်များ ကောင်စီ (KCC) က တာဝန်ရှိတဲ့ သိက္ခာတော်ရဆရာတွေက ဩဂုတ်လ (၂) ရက်နေ့မှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား ကြားဝင်ညှိနှိုင်းကာ သဘောတူညီမှု ရရှိ ပြီးနောက် အခုလို နေရပ်ပြန်လာနိုင်တာလို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။
သူက “ခမ်းပတ်မြို့ ခမ်းပတ်ခရစ်ယာန်များကောင်စီက ခမ်းပတ်မြို့နားမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေး တယ်။ ပြီးတော့ ခမ်းပတ်မြို့က စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတို့နဲ့ ပြန်ပြီးတော့ သွားတွေ့ပြီး ဆွေးနွေးတယ်ပေါ့။ အားလုံးက ငြိမ်းချမ်းရေးကိုလက်ခံလို့ပေါ့၊ ပြန်နေလို့ရကြောင်းကို သဘောတူညီမှုရခဲ့တယ်ပေါ့ အဲ့ဒါကြောင့် နေရပ်ပြန်လို့ရတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့ ကနေစပြီး ခမ်းပတ်မြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ခမ်းပတ်မြို့ပေါ်က ဒေသခံတွေဟာ မြို့နဲ့နီးစပ်တဲ့ ကလေးမြို့၊ တမူး မြို့ စတဲ့မြို့တွေအပြင် နီးစပ်ရာကျေးရွာနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ဇူလိုင်လ (၂၃) ရက်နေ့က စပြီး နေရပ်စွန့်ကာ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ခမ်းပတ်မြို့က စစ် ဘေးရှောင်တွေဟာ စစ်ဘေးရှောင်ပြီး ၂ ပတ်နီးပါးအကြ ဩဂုတ်လ (၃) ရက်နေ့မှာတော့ သူတို့နေထိုင်ရာ မြို့ပေါ် ကို ပြန်လည်နေထိုင်လို့ရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ ခမ်းပတ်မြို့မှာ ပြန်လည်နေထိုင်လို့ရပြီဆိုတဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းတွေနဲ့ ပတ် သက်လို့ မယုံကြည်တာကြောင့် နေရပ်မပြန်ရဲသေးတဲ့ ဒေသခံတွေလည်း ရှိနေပြီး တချို့တွေကတော့ စိတ်ချရတဲ့ အနေအထားဖြစ်လို့ ယုံယုံကြည်ကြည်နဲ့ နေရပ်ပြန်သွားသူတွေလည်း ရှိတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိ သူတစ်ဦးက အခုလို ပြောပါတယ်။
ခမ်းပတ်မြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ”ဒီလိုကာလမှာ အဖက်ဖက်ကနေ စကား ပြောဖို့ ခက်တယ်။ တစ်ဖက်ကပြောရင်လည်း တစ်ဖက်က အမြင်စောင်းမယ်။ တစ်ဖက်က အဆင်ပြေလည်း တစ်ဖက် က မုန်းမယ်။ ဆိုတော့ ဒီကြားထဲမှာ သာမန်ပုဂ္ဂိုလ်တွေ ထက်စာရင် ဘာသာရေးခေါင်းဆောင်တွေက အသင်း တော် တစ်ခုထဲမဟုတ်ဘဲ ခမ်းပတ်တစ်မြို့လုံးမှာရှိတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ ဖွဲ့စည်းထားတဲ့ (KCC) ခမ်းပတ် ခရစ်ယာန်ကောင်စီက အဖွဲ့အစည်းနာမည်နဲ့သွားပြီးတော့ ဘက်မလိုက်ဘဲ ပြည်သူတွေအတွက် လုပ်တာဖြစ်လို့ ယုံကြည်စိတ်ချစွာ နေထိုင်လို့ရပြီ” လို့ ပြောပါတယ်။
ခမ်းပတ်မြို့က ဒေသခံတွေအနေနဲ့ မိမိတို့နေအိမ်အတွင်း ဝင်ရောက်နေထိုင်တဲ့အချိန် လမ်းဘေးနဲ့ လယ်ကွင်း တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှိနိုင်တာကြောင့် သတိထားကြရန်၊ ဗုံးတွေ၊ မိုင်းတွေ တွေ့ခဲ့ရင်လည်း သက် ဆိုင်ရာ ကျွမ်းကျင်သူတွေကို အကြောင်းကြားကြဖို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါ တယ်။
ဒါ့အပြင် နေအိမ်အတွင်းမှာသာ နေထိုင်ကြဖို့နဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ လိုအပ်တယ်လို့ လူမှုကူညီရေး အသင်း က တာဝန်ရှိသူ တစ်ယောက်က သတိပေးထားပါတယ်။