ခလယ်တံခွန်တိုင်ရှိ အရပ်သားများအား စစ်ကောင်စီဖမ်းဆီးထားပြီး ရိက္ခာဆန်များဖြင့် လဲလှယ်ယူခိုင်းနေ

ခလယ်တံခွန်တိုင်ရှိ အရပ်သားများအား စစ်ကောင်စီဖမ်းဆီးထားပြီး ရိက္ခာဆန်များဖြင့် လဲလှယ်ယူခိုင်းနေ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေး မြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင် အုပ်စုရှိ ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်ထားပြီး ၎င်းတို့ တပ်ဖွဲ့ စားသောက်ရန် ရိက္ခာဆန်များဖြင့် ပြန်လည် လဲလှယ်ယူခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သူများမှာ ခလယ်တံခွန်တိုင် အုပ်စုအတွင်းရှိ လယ်ယာဥယျာဉ်ခြံနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဌာနေလူထုများ ဖြစ်သည်။

ဖမ်းဆီးခံရသူထဲမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “စစ်ကောင်စီတွေက ရွာအနီး အနားမှာ ကပ်လာ လိုက် ပြန်ပုန်းရှောင်လိုက်နဲ့ လုပ်နေတယ်။ သူတို့ရိက္ခာတွေ ပြတ်လာ တော့ ခြံသမားတွေကို ဖမ်းတယ်။ တချို့ ဖမ်းခံထိတဲ့ လင်မယားတွေဆို မိန်းမကို ခေါ်ထားပြီး သူ့ယောက်ကျားကိုတော့ ဆန်ပြန်ယူခိုင်းတယ်။ ဆန်ရောက် လာမှ သူ့မိန်းမကို ပြန်လွှတ်တယ်။ သူတို့ဖမ်းထားတဲ့ အရပ်သားတွေ ရှိနေသေးတယ်” ဟု ကေအိုင်စီ သို့ ပြော သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စု နောင်းဒေးကျေးရွာ အနောက်ဘက် တောင်ညိုတောင်ခြေ အနီးများတွင် ၎င်းတို့ ဖမ်းဆီး ခေါ်ဆောင်ထားသည့် အရပ်သား ပြည်သူ များအား လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားပြီး ရိက္ခာမလုံလောက်သည့်အတွက် ဆန်များဖြင့် ပြန်လည် လဲလှယ် ယူခိုင်း လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ခလယ်၊ ပုလိန်၊ တံခွန်တိုင်ကျေးရွာအနီး နန်းမြစိမ်းရပ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်တို့အကြား နှစ်ဖက် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲ ဖြစ်စဉ်အတွင်း အရပ်သား ၁၉ ဦးခန့် လိုက်ပါစီးနင်းလာသည့် ခရီးသည် ကားတစ်စီးအား စစ်ကောင်စီ တပ်က ပစ်ခတ်ဖမ်းဆီးရာ အရပ်သားအမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးကာ အမျိုးသမီး ၄ ဦးနှင့် အခြား အရပ်သားအများအပြားလည်း ဖမ်းဆီးခံထားခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာအထမ်းသမားအချို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်း အဖြစ် အသုံးချကာ KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေ တောင်ညိုတောင်ခြေနှင့် အနီးအနားရှိ ကျေးရွာများတွင် ၎င်းတို့ စစ်ကြောင်းများနှင့်အတူ ခေါ်ဆောင်ပြီး စစ်ရေးလှုပ်ရှားလျှက်ရှိနေသည်။

ကျေးရွာအနီးများနှင့် တောင်ခြေများတွင် ၎င်းတို့ရှိနေသည့်အတွက် ဌာနေလူထုများ၏ ဥယျာဉ်ခြံ၊ လယ်ယာ လုပ် ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ စွန့်ပစ်ထားရပြီး စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်ဟု စစ်ရှောင် ကူညီသူ များက ပြောသည်။

October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...