ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး နယ်မြေအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခ များနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ဘေးရှောင် အများအပြားအနက် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များအတွက် အာဟာရ ပြည့်ဝသည့်အစားအစာ လုံလောက် စွာရရှိနိုင်မှုသည် အခက်အခဲဖြစ်လာကြောင်း ကရင်အမျိုးသမီးအစည်းအရုံး - KWO ထံမှ သိရသည်။
ယခုကဲ့သို့ မိုးရာသီကာလတွင် အခြားသော စစ်ဘေးရှောင်များထက် ကိုယ်ဝန်ဆောင်၊ နို့တိုက် မိခင်နှင့် ကလေး များက မိမိတို့နေရပ်အတွင်း အခြေတကျ နေထိုင်ရသည့် အခြေအနေများနှင့် နှိုင်းယှဥ်ပါက စစ်ဘေးရှောင်ရာ အရပ်တွင် အာဟာရပြည့်ဝစွာ စားသုံးရမှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း KWO ၏ တွဲဖက်အတွင်းရေးမှူး က ပြောသည်။
KWO ၏ တွဲဖက်အတွင်းရေးမှူး (၂) နော်အဲ့တမွီဖောက “တချို့မိခင်တွေအတွက်ဆိုရင် နို့ရည်ထွက်ရှိဖို့ အခက် အခဲရှိတယ်။ ဒီအကြောင်းကြောင့်လည်း ကလေးအတွက် နို့ရည်အစား နို့မှုန့်၊ အာဟာရမှုန့် ရရှိနိုင်မှုက ခဲယဥ်း တယ်။ ကျမတို့ ဒီဒေသတွေမှာ ဖြတ်သန်းရတဲ့ အခါကျရင် တော့ အရမ်းခက်ခဲနေတဲ့ နို့မှုန့်လိုအပ်တဲ့ ကလေးတွေ ရော၊ အာဟာရလို အပ်တဲ့မိခင်တွေရော လာတောင်းလာ တာရှိလို့ လက်လှမ်းမီနိုင်သလောက်ကတော့ ကူညီတာ ရှိတယ်” ဟု ပြောသည်။
ထို့အပြင် KWO နှင့် အခြားအဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုယ်ဝန်ဆောင် များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များအတွက် အာဟာရပြည့်ဝမှုရှိရန် လိုအပ်သော အထောက်အပံ့များအား မိမိတို့တတ်နိုင်သမျှ ထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်နေရာ တိုင်းသို့လိုက်၍ စစ်ဘေးရှောင် ကလေးငယ် များအတွက် ကာကွယ်ဆေးသီးသန့် လိုက်လံထိုးပေးနိုင်မှု အခြေအနေမျိုးကိုမူ မကြားမိသေးကြောင်း နော်အဲ့တမွီဖော က ဖြည့်စွက်ပြောသည်။
ကေအဲန်ယူ အုပ်ချုပ်နယ်မြေများတွင် လက်ရှိအချိန်ထိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခြောက်သိန်းကျော် အထိရှိသည့် အနက် အမျိုးသမီး၊ ကလေးသူငယ်အရေအတွက်သည် တိတိကျကျ ကောက်ခံ ထားခြင်းမျိုး မရှိသေးသော်လည်း ထိုအထဲ၌ အများအပြားပါရှိနေသည်ဟု ဆိုသည်။
ထိုအထဲတွင် ပဋိပက္ခအတွင်း မီးဖွားလိုက်ရသော ကိုယ်ဝန်ဆောင်မိခင်များ၊ လက်ရှိအထိ ထွက်ပြေးပုန်းခိုနေရ သော ကိုယ်ဝန်ဆောင် အမျိုးသမီး အရေအတွက်ကလည်း အများအပြား ပါဝင်နေသည်ကြောင်း ကရင်အရပ် ဘက်အဖွဲ့များနှင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များထံမှ သိရသည်။
သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာမှ စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက “ကျမ လက်ခံရ ထားတဲ့ စစ်ရှောင်စာရင်းအရဆို ကိုယ်ဝန်ဆောင်တွေပါတယ်။ စစ်ရှောင်နေရင်းမီးဖွားရတဲ့ အခြေအနေမျိုး လည်း ရှိတယ်။ သူကျတော့ ကျေးလက်ပိုင်းက လက်သည်နဲ့ မွေးခွင့်ရလိုက်တယ်ပေါ့၊ နေရာမလုံလောက် တာ ရော တခြားအကြောင်းကြောင့်ရော ကျန်တဲ့ ကိုယ်ဝန်ဆောင်သည်တွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ ခွဲထား ရတယ်” ဟု ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် ကနဦးသိရှိရ စစ်ဘေးရှောင်အရေအတွက် နှစ်ထောင်ကျော်သည်လည်း ယခုလက်ရှိ အချိန်ထိ သံတောင်မြောက်ပိုင်းမှ တိုက်ပွဲနှင့် ပစ်ခတ်မှုများ ကြောင့် နေရပ်ပြန်နေထိုင်နိုင် ခြင်းမရှိသေး၍ ကိုယ် ဝန်ဆောင်များ၊ နို့တိုက်မိခင်များအတွက် ဆေးဝါးတွေနှင့် အာဟာရထောက်ပံ့နိုင်ရန် လိုအပ်နေသည်ဟု ၎င်းစစ်ရှောင်ကူညီသူက ဆက်ပြောသည်။
အလားတူ စစ်ကောင်စီသည် ဒေသအတွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ပိတ်ဆို့ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား လိုက်လံဖမ်းဆီးခြင်းများစွာ ပြုလုပ်လျက်ရှိသည့်အတွက် ဆေးဝါးတင်သွင်းမှု အခက်အခဲ ဖြစ် လာသလို ကျန်းမာရေး စောင့်ရှောက်မှုကောင်းစွာ မရရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကိုယ်ဝန် ဆောင် အမျိုးသမီးများ မီးဖွားချိန်တွင် အန္တရာယ်တွေ့ ကြုံရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြီးခဲ့သည့် နှစ်ဝက်ခန့်က မှတ်တမ်းပြုစုထုတ်ပြန်ချက်အရ သိရသည်။