စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ ချင်းပြည်နယ်သည် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများထဲတွင် ပါဝင်နေသည်ဟု BNI - မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ စာတမ်းမှာ ဖော်ပြထားသည်။
လူသားချင်းစာနာမှု အကူအညီများနှင့် ပတ်သက်၍ “နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာ ကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းမိတ်ဆက်ပွဲကို Burma News International(BNI) - မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အွန်လိုင်းက ပြုလုပ်ခဲ့သည်။
အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်း က စစ်ရှောင်ပြည်သူ ၆.၆ သိန်းကျော်နှင့် လူသားချင်းစာနာမှု အကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသ ဖြစ်ကြောင်း၊ မကွေးတိုင်းက စစ်ရှောင်ပြည်သူ ၂.၃ သိန်းကျော်နှင့် ဒုတိယအခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသ ဖြစ်သည်ဟု စာတမ်းမှာ ဖော်ပြထားသည်။
ထို့အပြင် ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့က တတိယဦးစားပေးအဖြစ် အခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသများဖြစ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ၀န်ကြီးဌာန ဒု-၀န်ကြီးဒေါက်တာငိုင်းတမ်မောင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖြတ်လေးဖြတ်နည်းဗျူဟာ ကြောင့် ယခုကဲ့သို့အခြေအနေရောက်ရှိခြင်းဖြစ်သည်ဟု ယင်းစာတမ်းထဲတွင်ဖော်ြပထားသည်။
“ရွာအလိုက်ကို မီးရှို့ပစ်လိုက်တာ၊ မီးရှို့တဲ့အခါကျတော့ တစ်နှစ်စာ ရိက္ခာပါသွားတဲ့အပြင် လယ်ယာလုပ်ငန်းမှာ သုံးတဲ့ ကျွဲနွားတွေပါ ဖျက်ဆီးခံရတော့ အမှန်တကယ်ကိုမှ လိုအပ်နေတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဲဒီဒေသ တွေကို စားနပ်ရိက္ခာ မရောက်နိုင်အောင် ဖြတ်လေးဖြတ်နဲ့ လုပ်နေတဲ့အခါ အဲဒီ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီက အခက်ခဲဆုံးဖြစ်မယ်” ဟု ဒေါက်တာငိုင်းတမ်မောင်းက ပြောသည်။
ယနေ့မိတ်ဆက်သည့် စာတမ်းတွင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့ ကိန်းဂဏာန်း၊ အချက်အလက်များ၊ နည်းလမ်းများ ရှာဖွေ အကြံပြုထာပြီး နယ်စပ်ဖြတ်ကျော်အကူအညီပေးမှု၏ အရေးပါမှုများ ကိုလည်း ထောက်ပြအကြံပြုထားကာ ယင်းအတွက် ထိုင်းနှင့် အိန္ဒိယသည် အလေးထား ချဉ်း ကပ်ရမည့် နိုင်ငံများ ဖြစ်သည်ဟုဆိုသည်။
UNOCHA က ထုတ်ပြန်သည့် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေးအစီအစဉ် (HRP) ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ငါးသိန်းကျော်သော စစ်ဘေးဒုက္ခသည်များ (IDPs)အတွက် တစ်နှစ်လုံးစာ အမေရိ ကန်ဒေါ်လာ ၉ သန်းသာ အသုံးပြုခဲ့ရာ စစ်ဘေးဒုက္ခသည် ပြည်သူ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာ နှင့် ညီမျှသော ထောက်ပံ့ကူညီမှုသာ ရရှိခဲ့သည်ဟု စာတမ်းက ဆိုသည်။