လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများ ငါးရက်ကြာသည့်တိုင် ပြန်လွတ်မလာသေး

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများ ငါးရက်ကြာသည့်တိုင် ပြန်လွတ်မလာသေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည့် ဒေသခံ ၁၉ ဦး ယနေ့အချိန်ထိ ပြန်မလွတ်လာသေးဘူးဟု ဒေသခံများက ပြောသည်။

ခလယ်-တံခွန်တိုင် ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ အရပ်သား ၂ ဦး သေဆုံးပြီး ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ခလယ်-တံခွန်တိုင် ဒေသခံတစ်ဦးက “နှစ်ဖက်တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတယ်။ နောက်ပြီး အဘစ် အမြောက်တပ်ကနေလည်း လက်နက် ကြီးတွေနဲ့ ဒီဘက်(ခလယ်-တံခွန်တိုင်)လှမ်းပစ်တော့ ရွာထဲမှာလည်း မနေရဲကြတော့ဘူး။ အခုဆိုရင် ရွာမှာ လူမရှိကြတော့ဘူး။ ဘေးလွတ်ရာကို ရှောင်ကုန်ကြတယ်” ဟု ပြော သည်။

ခလယ် - တံခွန်တိုင် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၆) နှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင်လ ၁၄ ရက်နေ့က တနေကုန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနေ့မှစတင်၍ ယနေ့အချိန်ထိ ပစ်ခတ်မှုများ၊ တင်းမာမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဥ် အချိန်တွင် ခရီးသည်တင်ယာဥ်တစ်စီး ဝင်ရောက်လာပြီး ထိုခရီးသည် တင် ယာဥ်ကို စစ်ကောင်စီတပ်ဘက်က ကျည်ကွယ်ရရှိရန် ယာဥ်အား ရပ်တန့်စေပြီး ပစ်ခတ်မှုများ ပြုခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ခရီးသည်တင်ယာဥ်အား ပစ်ခတ်ခဲ့သည့်အတွက် ကားပေါ်စီးနင်းလိုက်ပါလာသည့် ခရီးသည် အရပ်သား ၂ ဦး သေဆုံးပြီး၊ ကျန်ခရီးသည် ၁၇ ဦးကိုမူ ဒဏ်ရာကိုယ်စီဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ယင်းနေ့ ည ၉ နာရီအချိန်ခန့်တွင် အရပ်သား ၂ ဦးက မိုးရွာနေသည်ကို အခွင့်ကောင်းယူ၍  ထွက်ပြေး လွတ် မြောက်လာပြီး ၎င်းတို့ဘက်က ကောင်းစွာ စောင့်ရှောက်ထားကြောင်း နဂါးနီးစစ်ကြောင်းက ထုတ်ပြန်ထား သည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ခရီးသည်တင်ယာဥ်ပေါ်မှ ခရီးသည် ၁၅ ဦးအပြင် ဇူလိုင်လ ၁၅ ရက်နေ့က ခြံလုပ် နေသည့် ပုလိန်ရွာသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သွားကြောင်း လက်ရှိတွင် စစ်တပ်က အရပ်သား ၁၉ ဦးကို ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၈) မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေသည် ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အမြောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် တံခွန်တိုင်ကျေးရွာမှ အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။

အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၈) မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းနှင့် စစ် ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်း သိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီသေည ဒေသခံများက ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေကြရသည်။

နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားချက်အရ ခလယ်-တံခွန်တိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးပြီး၊ ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုဘက်ကမူ ၅ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရရှိခဲ့သည်။

Most read this week

November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...